အိုဟိုင်းယိုးရဲတပ်ဖွဲ့

November 29, 2020

မြစ်ထဲကျကားတွင်းမှ အမျိုးသမီး ၁ ဦးကို အိုဟိုင်းယိုးရဲတပ်ဖွဲ့ စွန့်စားကယ်တင် (ရုပ်သံ)

မြစ်ထဲ ပြုတ်ကျခဲ့တဲ့ကားထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးတစ်ယောက်ကို ရွှံ့ရောင် ပေါက်နေတဲ့ ရေထဲကနေ ခက်ခက်ခဲခဲ စွန့်စွန့်စားစား ကယ်တင်ခဲ့ရပုံကို အိုဟိုင်းယိုးပြည်နယ် အလိုင်းရန့်ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုမှတ်တမ်းတစ်ခုမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ နိုဝင်ဘာ ၂၂ ရက်က ဖြစ်ခဲ့တာပါ။ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ကူးမှုအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ မှောင်မဲနေတဲ့ မြင်ကွင်းထဲမှာ ရုန်းကန်လှုပ်ရှားရင်း ခါးလောက်နစ်တဲ့ ရေထဲမှာ စစ်ပုဆိန်နဲ့ ကားပြတင်းပေါက်မှန်ကို ခွဲလိုက်တာ မြင်တွေ့ရပါတယ်။ မှန်ကို မခွဲခင် ကားထဲမှာရှိတဲ့ အမျိုးသမီးကို မှန်နဲ့ ဆန့်ကျင်ဘက်အရပ် မျက်နှာလှည့်ထားဖို့ ပြောပြနေတာကို ကြားခဲ့ရပြီး ကားမှန်ကွဲသွားပြီးတဲ့နောက်မှာလည်း ကားထဲမှာ တခြားလူရှိနေသေးလားလို့ မေးခဲ့ပြန်ပါတယ်။ ကားထဲက အမျိုးသမီးက ဘယ်သူမှမရှိတော့ဘူးလို့ အတည်ပြု ပြောဆိုသံကို ပြန်ကြားခဲ့ရပြီး ဒီကားဟာ မာဟိုနင်းမြစ်ထဲမှာ နစ်နေခဲ့တာ ဖြစ်ပါတယ်။  ကားထဲက အမျိုးသမီးဟာ သူ့ဖြစ်ရပ်ကို ဖုန်းဆက်အကြောင်းကြားခဲ့တာကြောင့် ရဲတပ်ဖွဲ့က အခင်းဖြစ်ရာကို ရောက်ရှိလာတာဖြစ်ပြီး သူမကို ပွန်းရာပဲ့ရာတွေကြောင့် ဒေသတွင်း ဆေးရုံတစ်ခုကို တင်ပို့ခဲ့ရပါတယ်။ ဒီအမျိုးသမီးဟာ ကားမောင်းရင်း အိပ်ပျော်သွားခဲ့တာကြောင့် ကားဟာ မြစ်ထဲကို ကျသွားခဲ့တာလို့လည်း အလိုင်းယန့်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
5 months Ago
Up