မနေ့ညက ကန်သွားတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မန်စီးတီးအသင်းက အိုလံပီယံကော့စ်အသင်းကို ၃ ဂိုးပြတ်နဲ့အနိုင်ရရှိသွားပါတယ်။
ဒီပွဲမှာ ဖာဟန်တောရက်စ်က အဖွင့်ဂိုးသွင်းကာ ဂျဆုက မန်စီးတီးအသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပြီး ဂျာအိုကန်ဆယ်လိုက တတိယဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒဏ်ရာကနေ ပြန်လည်သက်သာပြီး ပထမဆုံးကစားခဲ့တဲ့ပွဲမှာတင် မန်စီးတီးအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိတယ်လို့ တိုက်စစ်မှူး ဂါဘရီရယ် ဂျဆုက ပြောပါတယ်။
ဂျဆုဟာ ဒဏ်ရာပြဿနာတွေကြောင့် မန်စီးတီးအသင်းကို ရောက်ရှိခဲ့ပြီးနောက်ပိုင်း ၃၉ ပွဲအထိ လွဲချော်ခဲ့ပြီး ဖြစ်ပါတယ်။ သူဟာ စက်တင်ဘာ ၂၂ ရက်မှာ အသင်းအတွက် ဒီရာသီ ပထမဆုံး လိဂ်ဂိုးကို သွင်းယူပေးခဲ့ပြီး အဲဒီအချိန်ကတည်းက အသင်းလူစာရင်းနဲ့ ဝေးကွာခဲ့သူ ဖြစ်ပါတယ်။
“ဂိုးသွင်းပေးနိုင်ခဲ့တာ ကျနော့်အတွက် တကယ်ပဲကောင်းပါတယ်။ ဒဏ်ရာရနေစဉ်ကာလမှာ ကျနော်ဟာ တော်တော်လေး စိတ်ထိခိုက်ခဲ့ရပါတယ်။ ကစားသမားတိုင်းက ကျနော့်လို့ပဲ ဖြစ်ပါမယ်။ အသင်းကို အကူအညီပေးချင်တဲ့အတွက် အမြန်ဆုံး သက်သာလာစေဖို့ ကျနော် ကြိုးစားခဲ့ပါတယ်။ ဒါဟာ အလုပ်ဖြစ်ခဲ့တာကြောင့် ကျနော် အခုလို ဂိုးသွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်” လို့ အသက် ၂၃ နှစ်အရွယ် ဂျဆုက ပြောပါတယ်။
ဒီဘရိုင်းနားရဲ့ ဖန်တီးပေးမှုကနေတဆင့် ဂျဆုက ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက်ဒီရာသီ ဒုတိယမြောက်သွင်းဂိုး ဖြစ်ပါတယ်။
ဂိုးဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းကိုလည်း ဂျဆုက ချီးကျူးခဲ့ပြီး ဒီသွင်းဂိုးကသူ့ရဲ့ အဆုံးသတ်စွမ်းရည် တိုးတက်လာတာကိုလည်း ဖော်ပြနေတယ်လို့ ဆိုပါတယ်။
ဂျဆုဒဏ်ရာကနေ ပြန်လည်သက်သာလာတာဟာ တိုက်စစ်ပိုင်းအားနည်းချက်ရှိနေတဲ့ မန်စီးတီးအသင်းအတွက် အားတက်စရာဖြစ်ပြီး ကစားသမားဟာ တနင်္ဂနွေနေ့ ကစားမယ့် မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရရှိမယ်လို့ ယူဆရပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပြီး လက်စတာအသင်းကို ရှုံးနိမ့်ကာ ဝက်စ်ဟမ်း၊ လိဒ်ယူနိုက်တက်တို့နဲ့ သရေကျခဲ့ကာ လက်ရှိအချိန်မှာ အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို ရောက်ရှိနေပါတယ်။
2 years Ago