အိုလံပီယာကော့စ်

August 10, 2020

လီဗာပူးအသင်းက အိုလံပီယာကော့စ် နောက်ခံလူကို ခေါ်ယူရန် နီးစပ်နေ

အိုလံပီယာကော့စ်အသင်းရဲ့ ဘယ်နောက်ခံလူ ကော့စ်တက်စ် တက်စီမီကတ်ဟာ လီဗာပူးအသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ Goal သတင်းမှာ ဖော်ပြပါတယ်။  သူဟာ လီဗာပူးအသင်းရဲ့ အခုနွေရာသီပထမဆုံး  ကစားသမားခေါ်ယူမှု ဖြစ်လာမယ့်သူပါ။ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၁ ဒသမ ၇၅ သန်းဖြစ်ပြီး ဘယ်နောက်ခံလူ ရော်ဘတ်ဆန်အတွက် အရန်ကစားသမားအဖြစ် အသုံးပြုဖို့ ခေါ်ယူမှာဖြစ်ပါတယ်။ ကစားသမားဟာ ဒီသီတင်းပတ်အစောပိုင်းမှာ အသင်းနဲ့အတူဆေးစစ်မှုခံယူမှာဖြစ်ပြီး ဆေးစစ်မှုပြီးပါက အပြောင်းအရွှေ့ကို တရားဝင်ထုတ်ပြန်ကြေညာသွားမယ်လို့ ယူဆရပါတယ်။  လီဗာပူးအသင်းဟာ တက်စီမီကတ်မတိုင်ခင် နော့ဝှစ်ချ်အသင်းရဲ့နောက်ခံလူ ဂျာမယ်လူးဝစ္စကို ကြိုးစားခဲ့ပြီး ပြောင်းရွှေ့ကြေး အဆင်မပြေခဲ့တာကြောင့် ဂရိလက်ရွေးစင်ကို ပြောင်းလဲခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။  အသက် ၂၄ နှစ်အရွယ် တက်စီမီကတ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အိုလံပီယာကော့စ် အသင်းအတွက် ၄၆ ပွဲ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။  နောက်ခံအင်အားကို ဖြည့်တင်းဖို့ ကြိုးစားနေတဲ့ လီဗာပူးအသင်းဟာ ရီးရဲလ်ကနေ ဆီဗီလာအသင်းကို အငှားထွက်ကစားနေတဲ့ ဆာဂျီယိုရီဂူလင်ကိုလည်း စောင့်ကြည့်နေပြီး ခေါ်ယူဖို့ အဲဗာတန်၊  ချဲလ်ဆီး စတဲ့အသင်းတွေနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  တက်စီမီကတ် ရောက်ရှိလာခဲ့မယ်ဆိုရင် လီဗာပူးအသင်းရဲ့ လူငယ်နောက်ခံလူ ယတ်ဆာလာရိုစီဟာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက် ဖြစ်သွားမှာပါ။  ကစားသမားအသစ်မခေါ်ယူရသေးတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းကနေ ဒီနွေရာသီမှာ နောက်ခံလူ လိုဗရန်၊ ကွင်းလယ်လူ လယ်လာနာတို့ ထွက်ခွာသွားခဲ့ပြီး ကလိုင်းနဲ့ လိုနာဂန်တို့ဟာလည်း စာချုပ်ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် ဒီနွေရာသီမှာ ကစားသမားအသစ် ခေါ်ယူမှုတွေ ထပ်မံပြုလုပ်ရမှာ ဖြစ်ပါတယ်။‌
1 year Ago

February 28, 2020

ယူရိုပါလိဂ်တွင် မန်ယူနိုက်တက် ဂိုးပြတ်နိုင်ပြီး အာဆင်နယ် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက် ဒုတိယအကျောပွဲစဉ်တွေမှာ မန်ယူနိုက်တက်က ကလပ်ဘရုဂေးကို ၅ ဂိုးပြတ်အနိုင်ရပြီး အာဆင်နယ်ကတော့ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။ မန်ယူနိုက်တက်အသင်းက အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၂၃ မိနစ်မှာ ဒယ်နီရယ်ဂျိမ်း ကန်သွင်းတဲ့ ဘောလုံးကို ကလပ်ဘရုဂေးအသင်းနောက်ခံလူ ဒယ်လီ လက်နဲ့ တားမိတဲ့အတွက် ဒိုင်က တိုက်ရိုက်အနီကတ်နဲ့ထုတ်ပြီး ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးခဲ့ပါတယ်။ ပင်နယ်တီကို ဖာနန်ဒက်စ်က ကန်သွင်းခဲ့ပါတယ်။ ဒီနောက် အနိုင်ဂိုးတွေကို ဖရက်က ၂ ဂိုးနဲ့  အီဂါလို၊ တိုမီနေးတို့ ၁ ဂိုးစီ သွင်းယူခဲ့ပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ ၁-၁ ဂိုးစီ သရေကျထားတာကြောင့် မန်ယူနိုက်တက်က ၆-၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ကို တက်သွားပါတယ်။ အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ အိုလံပီယာကော့စ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ်သင်း ပထမအကျော့မှာ အာဆင်နယ်က ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိထားပြီး အခုပွဲမှ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အဝေးဂိုး စည်းမျဉ်းအရ အိုလံပီယာကော့စ်က နောက်တဆင့်ကို တက်ရောက်သွားပါတယ်။
2 years Ago
Up