အိုလံပစ်ပြိုင်ပွဲ ယနေ့ ဖွင့်လှစ်မည်

August 5, 2016

အိုလံပစ်ပြိုင်ပွဲ ယနေ့ ဖွင့်လှစ်မည်

၃၁ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲတွေကို ဘရာဇီးနိုင်ငံ မာရာကာနာကွင်းမှာ ဒီနေ့ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၂၀၆ နိုင်ငံက ပြေးခုန်ပစ် အားကစားသမားတွေနဲ့ ဒုက္ခသည်အသင်းတသင်းကလည်း ဘရာဇီးလ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ ဒီ အိုလံပစ်ပြိုင်ပွဲမှာ ပြေးခုန်ပစ် အားကစားသမား ၁၀၅၀၀ ပါဝင်ကစားကြမှာ ဖြစ်ပါတယ်။ ဒုက္ခသည်အသင်းဟာ အိုလံပစ်အလံအောက်ကနေ ယှဉ်ပြိုင်မှာဖြစ်ပြီး အဖွဲ့ဝင် ၁၀ ဦး ပါဝင်သလို တောင်ပိုင်းဆူဒန်က ၅ ဦး၊ ဆီးရီးယားက ၂ ဦး၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံက ၂ ဦးနဲ့ အီသီယိုးပီးယားက ၁ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ ပြေးခုန်ပစ်ကစားသမား ၅၅၄ ဦးပါဝင်တဲ့ အမေရိကန်အသင်းကတော့ အကြီးဆုံး အသင်းတသင်းလည်း ဖြစ်ပါတယ်။ ပြိုင်ပွဲမှာယှဉ်ပြိုင်တဲ့ နီပေါက ရေကူးသမား ဂူရီကာဆင်းကတော့ အသက် ၁၃ နှစ်နဲ့ ဒီနှစ်ပြိုင်ပွဲရဲ့ အငယ်ဆုံး ပြေးခုန်ပစ် ကစားသမားတဦး ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဆိုဗိုနဲ့ ဆူဒန်တောင်ပိုင်းကလည်း ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီနှစ် ဘရာဇီး အိုလံပစ်ပြိုင်ပွဲမှာ အားကစားအမျိုးအစား ၃၁ မျိုး ယှဉ်ပြိုင်သွားမှာဖြစ်သလို ကမ္ဘတ၀န်းက လူ ၃ ဘီလီယံလောက် စောင့်ကြည့်နေမှာလည်း ဖြစ်ပါတယ်။ အကသမား ၃၀၀ နဲ့ စေတနာရှင် ၅၀၀၀ အပါအ၀င် လူ ၁၂၀၀၀ နီးပါးဟာ ထူးခြားဆန်းပြားတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပြီး ဖွင့်ပွဲမှာ ဆင်နွှဲကြမှာ ဖြစ်ပါတယ်။ ဒီတကြိမ်ပြိုင်ပွဲဟာ တောင်အမေရိကတိုက်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ပွဲလည်း ဖြစ်ပါတယ်။ သြဂုတ် ၅ ရက်ကနေ ၂၁ ရက်အထိ ပြိုင်ပွဲတွေ ကျင်းပဖို့ သတ်မှတ်ထားပေမယ့်လည်း အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေကတော့ လွန်ခဲ့တဲ့ ၂ ရက်ကတည်းက စတင်နေပါတယ်။ နာမည်ကြီး ဘရာဇီးမော်ဒယ် ၂ ဦးကလည်း အားကစားသမားတွေ ကွင်းအတွင်းမှာ စီတန်းလှည့်လည်ခြင်း မပြုမီ ဖျော်ဖြေဖို့ သဘောတူညီထားပါတယ်။ သြဂုတ် ၃ ရက်က အိုလံပစ်မီးရှူးတိုင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ကို ရောက်ရှိချိန်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် နယူးဇီလန်က အားကစားသမားတဦးလည်း ပြန်ပေးဆွဲခံရပါတယ်။ ခရီးသွား ၅ သိန်း လာရောက်လည်ပတ်ဖို့ မျှော်လင့်နေသလို လက်မှတ် ၇ ဒသမ ၅ သန်း ရောင်းချဖို့ စီစဉ်ထားပေမယ့် ၁ သန်းလောက်က မရောင်းရဘဲ ကျန်နေသေးတယ်လို့ ပွဲစီစဉ်တဲ့သူတွေက ပြောပါတယ်။ အစောပိုင်းသတင်းတွေအရတော့ ရုရှားက အားကစားသမားတွေ ဆေးသုံးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ တားမြစ်ခံရတဲ့ သတင်းက လွှမ်းမိုးနေပါတယ်။ ဒါ့အပြင် ဇီကာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ လုံခြုံရေး အခြေခံအဆောက်အဦ ကိစ္စရပ်တွေကလည်း အိုလံပစ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ခေါင်းကြီးသတင်းတွေ ဖြစ်ခဲ့ပါတယ်။
5 years Ago
Up