အိုလံပစ်ပြိုင်ပွဲ

February 3, 2017

အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ်များကို မိုဘိုင်းဖုန်းဟောင်းများ၏ သတ္တုစများနှင့် ပြုလုပ်မည်

လာမယ့် ၂၀၂၀ မှာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲ ဆုတံဆိပ်တွေကို မိုဘိုင်းဖုန်းဟောင်းတွေထဲက သတ္ထုစတွေနဲ့ ထုတ်လုပ်မယ်လို့ ဂျပန်အိုလံပစ်ပွဲတော် စီစဉ်သူတွေက ဖေဖော်ဝါရီ ၁ ရက် က ပြောဆိုပါတယ်။ ဒီ ၂၀၂၀ တိုကျိုနွေရာသီအိုလံပစ်နဲ့ မသန်စွမ်း အိုလံပစ်ပွဲတော်မှာ ချီးမြှင့်မယ့် ဆုတံဆိပ် ၅၀၀၀ အတွက် ရွှေ၊ ငွေနဲ့ ကြေးတန်ချိန် စုစုပေါင်း ၂ တန် လိုအပ်မှာဖြစ်ပြီး မသုံးတော့တဲ့ ဖုန်းအဟောင်းတွေကို ဂျပန်ပြည်သူတွေဆီက အလှူခံမယ်လို့လည်း ဆိုပါတယ်။ “ဂျပန်ပြည်သူတွေကိုယ်တိုင် တက်တက်ကြွကြွပါဝင်မှုနဲ့ အခုလို အိုလံပစ်ဆုတံဆိပ်တွေ ထုတ်လုပ်မယ့် အစီအစဉ်ဟာ အလွန်ကောင်းမွန်တယ်။ တွင်းထွက်သယံဇာတဆိုတာ အကန့်အသတ်ရှိတယ်။ ဒါကြောင့် စွန့်ပစ်ပစ္စည်းဟောင်းတွေကို ပြန်အသုံးချတာဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းတာလည်း ဖြစ်တယ်။” လို့ ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော် ကျင်းပရေး ညွှန်ကြားရေးမှူးက ပြောဆိုပါတယ်။ ဒါကြောင့် လာမယ့် ဧပြီလကစပြီး ဖုန်းဆိုင်တွေ၊ ဒေသခံအစိုးရရုံးတွေမှာ မိုဘိုင်းဖုန်းဟောင်း လက်ခံသေတ္တာတွေကို ချထားပေးမှာပါ။ ဒီအိုလံပစ်ပွဲတော်ဆုတံဆိပ်တွေကို ပုံမှန်တော့ ပွဲတော်စီစဉ်သူတွေက သတ္ထုကုမ္ပဏီတွေဆီက မှာပြီးလုပ်ကြတာပါ။ ဂျပန်နိုင်ငံမှာတော့ တွင်းထွက်သယံဇာတလည်း ရှားပါးတာကြောင့် အခုလို သက်သက်သာသာနဲ့ အကျိုးရှိတဲ့နည်းလမ်းကို စဉ်းစားကြရတာလို့လည်း ဆိုပါတယ်။
4 years Ago
Up