အိုလံပစ်အမျိုးသမီးနပန်းပွဲတွင် ရွှေတံဆိပ်ရရန် မွန်ဂို နပန်းသမား မျှော်လင့်

July 5, 2016

အိုလံပစ်အမျိုးသမီးနပန်းပွဲတွင် ရွှေတံဆိပ်ရရန် မွန်ဂို နပန်းသမား မျှော်လင့်

မချိုးနိုင်တဲ့ပန်းလို့ နာမည်ရတဲ့ မွန်ဂိုလီးယား ထိပ်တန်း အမျိုးသမီး နပန်းသမား ဘတ်စွန်းရှက် ဆိုရွန်ဇွန်းဘို (Battsetseg Soronzonbold) ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ ကျင်းပမယ့် အိုလံပစ်အမျိုးသမီး နပန်းပွဲမှာ ရွှေတံဆိပ်ရဖို့ မျှော်လင့်နေပါတယ်။ အသက် ၂၆ နှစ်အရွယ် မွန်ဂိုအမျိုးသမီးဟာ လန်ဒန်အိုလံပစ်မှာ ကြေးတံဆိပ် ရခဲ့သူပါ။ ရုရှားနဲ့ တရုတ် ၂ နိုင်ငံကြားက မွန်ဂိုလီးယားဟာ လူဦးရေ ၃ သန်းသာရှိတဲ့ နိုင်ငံလေးဖြစ်ပြီး နပန်းသတ်တဲ့ ရိုးရာအစဉ်အလာရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မွန်ဂိုအမျိုးသမီးတွေဟာ စစ်သည်တွေလိုပဲ သန်မာတယ်၊ ဒါကြောင့် ရိုးရာဓလေ့ထုံးစံအရ အောင်မြင်တဲ့ နပန်းသမားတွေ ဖြစ်လာဖို့ သူတို့အတွက် လွယ်တယ်၊ မိန်းကလေးတွေ အများအပြားက ဒီအားကစားကို ရွေးကြတယ်လို့ အသင်းနည်းပြ ဆူခ်ဘာတာက ပြောပါတယ်။ ဆိုရွန်ဇွန်းဘိုဟာ ၁ ရက် ၂ ကြိမ် လေ့ကျင့်နေပြီး ပြိုင်ပွဲနီးလာတာနဲ့အမျှ လေ့ကျင့်မှု ပြင်းအားကို တဖြည်းဖြည်း ပိုတိုးနေပါတယ်။ အမျိုးသမီး နပန်းသမားတွေဟာ ကမ္ဘာ့အစိတ်အပိုင်းတွေမှာလိုပဲ တူညီတဲ့သက်လုံ ရှိတာတော့ မဟုတ်ဘူးလို့ ဆိုရွန်ဇွန်းဘိုက ပြောပါတယ်။ လူတွေက အရင် မိန်းမနပန်းသမားဆိုရင် လူကောင်ကြီးကြီး၊ ဝဝလို့ ထင်လေ့ရှိတယ်၊ ခုတော့ လူတွေ ရုပ်သံတီဗွီတွေ ကြည့်ပြီးတော့ မိန်းမကောင်းလေးတွေပဲလို့ ပြောလာကြပါပြီ၊ ယောက်ျားကြီးတွေနဲ့ တူတယ်လို့ မပြောကြတော့ဘူးလို့ သူမက ဆက်ပြောပါတယ်။ သူ့ရည်းစားကလည်း သူ နပန်းကစားတာကို အားပေးပြီး တခါတရံ အတူတူ နပန်းသတ်ကြတယ်၊ ဒီအိုလံပစ်ပွဲပြီးရင် လက်ထပ်ဖို့ မျှော်လင့်ထားတယ်လို့လည်း အိုလံပစ် ဆုတံဆိပ်ရှင် ဆိုရွန်ဇွန်းဘိုက ပြောပါတယ်။
5 years Ago
Up