အိုလံပစ်ဖွင့်ပွဲ

February 10, 2018

အိုလံပစ်ဖွင့်ပွဲ အမေရိကန်၊ တောင်နှင့်မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင်များ တက်

ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံလုံးက အားကစားသမားတွေပါဝင်တဲ့ ညီညွတ်သော ကိုရီးယားအသင်းက ကျွန်းဆွယ်အလံ အောက်မှာ ချီတက်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။ အရင်လတွေက စစ်ဖြစ်လုခမန်း အပြန်အလှန် ခြိမ်းခြောက်ခဲ့ကြတဲ့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေဟာ ဖွင့်ပွဲမှာ အထူးတန်း ပွဲကြည့်စင်ပေါ်မှာ အတူတူထိုင်ရင်း ပါဝင်အားပေးကြပါတယ်။ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံအလံတွေ အတူတူသယ်ရင်း ချီတက်လာတဲ့ ကိုရီးယား အားကစားသမားတွေကို တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းနဲ့ နိုင်ငံတကာ အိုလံပစ် ကောင်စီဥက္ကဋ္ဌ သောမတ်စ် ဘတ်ခ်ျတို့ကအတူ လက်ဝှေ့ယမ်းရင်း နှုတ်ဆက်ခဲ့ပါတယ်။ တောင်နဲ့မြောက်ကိုရီးယား ၂ နိုင်ငံက အိုလံပစ်ကော်မတီတွေကို အားကစားပွဲအတွက် အားကစားသမားတွေကို ပေါင်းစည်းပေးနိုင်လို့ ဘတ်ခ်ျက ချီးကျူးပါတယ်။ အိုလံပစ် အားကစားပွဲတွေရဲ့ ညီညွတ်စေနိုင်တဲ့ စွမ်းအား နမူနာပဲလို့လည်း သူက ပြောပါတယ်။ အထူးတန်း ပွဲကြည့်စင် ရှေ့ဆုံးတန်းမှာ အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်က သူ့နိုင်ငံ အားကစားအသင်းကို မတ်တပ်ရပ်ရင်း လက်ခုပ်တီး အားပေးခဲ့တာပါ။ သူ့နောက်မှာတော့ မြောက်ကိုရီးယား သမ္မတ ကင်မ်ယွန်းနမ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ ညီမ ကင်မ်ယိုဂျုံတို့ အတူရပ်ရင်း တိတ်တိတ်ဆိတ်ဆိတ် ကြည့်နေကြပါတယ်။ အိုလံပစ်ပွဲ ကျင်းပကြောင်းကို တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းက ကြေညာပြီး ၂၀၁၀ အိုလံပစ် ရွှေတံဆိပ်ရှင် တောင်ကိုရီးယား အားကစားသမား ကင်မ်ယုနက မီးရှူးတိုင်ကို မီးထွန်းညှိခဲ့ပါတယ်။
3 years Ago
Up