ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်းက ထောင်တခုမှာ အကျဉ်းသားတွေက ထောင်တွင်းက လူတွေအတွက် မျက်နှာဖုံးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ တောင်းဆိုရာက ဧပြီ ၁၁ ရက်မှာ ထောင်တွင်းဆူခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။
ဗွီဒီယိုပုံရိပ်တွေအရ အိုရူရိုမြို့အကျဉ်းထောင်က ထောင်သားတွေဟာ အကျဉ်းထောင် အဆောက်အအုံထိပ်ကို တက်ခဲ့ပြီး အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ကလည်း ဆူပူနေသူတွေ လူစု ကွဲအောင် မျက်ရည်ယိုဗုံးအသုံးပြု ဖြိုခွဲခဲ့ပါတယ်။
ဒေသခံသတင်းတွေအရတော့ ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် နှစ်ဦးလည်း ထောင်သားတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တယ် ဆိုပါတယ်။
ဘိုလီးဗီးယားမှာ အကျဉ်းထောင်တွေက လူပြည့်ကျပ်နေပြီး ထောင်တွင်းအခြေအနေက လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖို့ လွယ်နေတယ်လို့ ထောင်သားတွေက ဆိုပါတယ် ။
အစိုးရကတော့ အမှုသေးတဲ့အကျဉ်းသားတွေကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး မပြန့်အောင် ထိန်းချုပ်ရေးအစီအစဉ်အရ ပြန်လွှတ်ပေးမယ်လို့ ဒီအပတ်ထဲကြေညာထားပါတယ် ။
ဘိုလီးဗီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၂၇၅ ဦးထက်မနည်း ရှိနေပြီး ကူးစက်ခံအယောက်၂၀ သေဆုံးထားတယ်လို့ ရိုက်တာသတင်းက ဖော်ပြထားပါတယ်။
11 months Ago