အိုမန်ပင်လယ်ကွေ့

September 12, 2020

အိုမန်ပင်လယ်ကွေ့တွင် အီရန်စစ်ရေးလေ့ကျင့်

အီရန်နဲ့ အမေရိကန်တို့ကြား တင်းမာမှု မြင့်တက်နေချိန်မှာပဲ အီရန်စစ်တပ်ဟာ နှစ်စဉ် လုပ်တဲ့  စစ်ရေးလေ့ကျင့်မှုကို  ဟောဇ်မုခ်ရေလက်ကြားအနီး  အိုမန်ပင်လယ်ကွေ့မှာ စက်တင်ဘာ  ၁၀  ရက်က စတင်ခဲ့ပါတယ်။   ၃ ရက်ကြာလုပ်မယ့်ဒီ စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံခြားခြိမ်းခြောက်မှုတွေနဲ့ ဖြစ်နိုင်ဖွယ်  ကျူးကျော်မှုကို ရင်ဆိုင်မယ့် အီရန်ရဲ့စစ်ရေးစွမ်းရည်ကို ပိုမိုကောင်းမွန်ဖို့ ရည်ရွယ်တယ်လို့ ဗိုလ်ချုပ်ကြီး ဟတ်ဘီဘိုလာဆာဒါရီက နိုင်ငံပိုင်ရုပ်သံကို ပြောကြားခဲ့ပါတယ်။   ဇိုဖာဂါ ၉၉ ဆိုတဲ့  စစ်ရေးလေ့ကျင့်မှုဟာ ရေငုပ်သင်္ဘောနဲ့ ဒရုန်းယာဉ်တွေပါ ပါဝင်တဲ့  ကြည်း၊ ရေ၊ လေ  ပူးပေါင်းစစ်ဆင်ရေး ဖြစ်ပါတယ်။    မကြာသေးခင်နှစ်တွေအတွင်း ပင်လယ်ကွေ့ဒေသမှာ  အီရန်တော်လှန်ရေး အစောင့်တပ်နဲ့ အမေရိကန်စစ်တပ်ကြား မကြာခဏ ထိပ်တိုက်တွေ့တာတွေ ဖြစ်ခဲ့ပါတယ်။   ပင်လယ်ကွေ့ဒေသမှာ အမေရိကန် နဲ့ အနောက်နိုင်ငံ ရေတပ်တွေရှိနေတာကို ဆန့်ကျင်တဲ့ အီရန်က ရေနံစိမ်းအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းကို ရေကြောင်းနဲ့ တင်ပို့ရာ လမ်းကြောင်းဖြစ်တဲ့ ဟော်မုခ်ရေလက်ကြားမှာ နှစ်စဉ်နှစ်တိုင်း  စစ်ရေးလေ့ကျင့်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
7 months Ago

February 2, 2020

အိုမန်ပင်လယ်ကွေ့၌ ကုန်နှင့်ရေနံတင် သင်္ဘောများကို ကာကွယ်ရန် ဂျပန်စစ်သ‌င်္ဘော ထွက်ခွာ

ဂျပန်စစ်သင်္ဘောတစီးဟာ အိုမန်ပင်လယ်ကွေ့ကို ဖြတ်သွားတဲ့ ကုန်သင်္ဘောတွေနဲ့ရေနံတင်သင်္ဘောတွေကို ကာကွယ်ဖို့ စစ်ဆင်ရေးအတွက် မြို့တော်တိုကျိုကနေ ဖေဖော်ဝါရီ ၂ ရက်မှာ ထွက်ခွာသွားပါတယ်။ အရှေ့အလယ်ပိုင်းကနေ ဂျပန်ကို တင်ပို့တဲ့ ရေနံ ၉၀ ရာခိုင်နှုန်းဟာ အိုမန်ပင်လယ်ကွေ့ကနေ ဖြတ်လာရတာပါ။ ရဟတ်ယာဉ်တင် ဖျက်သင်္ဘော တာ့ခါ့နာ့မိမှာ စစ်သည်အင်အား နှစ်ရာပါပြီး ဖျက်သင်္ဘောအုပ်စုကို ကင်းထောက်စောင့်ရှောက်ဖို့ P-3C ပင်လယ်ပြင်ကင်းလှည့်လေယာဉ် ၂ စီးလည်း ပါပါတယ်။   အန္တရာယ်ကျရောက်နေတဲ့သင်္ဘောတွေကို ကာကွယ်ဖို့၊တပ်တွေကို အခွင့်အာဏာပေးဖို့ ပြင်ဆင်ထားတယ်လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက ပြောပါတယ်။  ဒါဟာ နိုင်ငံခြားအငြင်းပွားမှုတွေကို ဖြေရှင်းဖို့ စစ်တပ်သုံးခွင့်ကို တားမြစ်ထားတဲ့ ဒုတိယကမ္ဘာစစ်ပြီးခေတ် ဂျပန်အခြေခံဥပဒေကြောင့် အငြင်းပွားစရာ ဖြစ်နေတာပါ။ ဂျပန်စစ်တပ် တပ်ဖွဲ့ဝင်တွေနဲ့ ယိုဆုခဲအိနာ့ဘာ့စစ်ဆင်ရေး စစ်ဦးစီးမှူးကတော့ သင်္ဘောပေါ်က စစ်သည်တွေဟာ ကောင်းကောင်း ပြင်ဆင်ထားပြီး ဂျပန်သင်္ဘောတွေ ဘေးကင်းရေး သေချာစေဖို့ ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းရေးအတွက် အတူလုပ်ဆောင်ကြမယ်လို့ ပြောပါတယ်။
1 year Ago
Up