အိုဘားမား

April 27, 2021

မြန်မာစစ်တပ်ကို နိုင်ငံတကာအသိုက်အဝန်းက လက်မခံရန် အိုဘားမားတိုက်တွန်း

ဆယ်စုနှစ်တစ်စုလောက် လွတ်လပ်မှုရခဲ့တဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ တရားလက်လွတ် ရက်စက်ကြမ်းကြုတ်စွာ သူ့စိတ်ကြိုက်ဇွတ်လုပ်ယူနေတာတွေကို မြန်မာပြည်သူတွေက ဘယ်တော့မှ လက်ခံလာလိမ့်မယ်မဟုတ်သလို နိုင်ငံတကာအသိုက်အဝိုင်းကလည်း လက်သင့်မခံဖို့ အမေရိကန်သမ္မတဟောင်း  ဘားရက်ခ် အိုဘားမားက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြည်သူ့အသံကို ကိုယ်စားပြုတဲ့ နိုင်ငံအနှံ့အပြားက လူထုလှုပ်ရှားမှုတွေကြောင့် စိတ်အားတက်ကြွရသလို အရပ်သားတွေအပေါ် ကြေကွဲစရာ အကြမ်းဖက်ရက်စက်မှုတွေကြောင့် စိတ်ပျက်တုန်လှုပ်စရာဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက ဆက်လက် အာရုံစိုက်ထားရမယ်လို့လည်း  အိုဘားမားရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အိုဘားမားက လက်ရှိ အမေရိကန်သမ္မတ ဘိုင်ဒင်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ စစ်အစိုးရအပေါ် ဒဏ်ခတ်မှုတွေ ဒီမိုကရေစီပြန်လည်ဖြစ်တည်ဖို့ အားပေးမှုတွေကို ထောက်ခံအားပေးတယ်လို့ ဆိုပါတယ်။ 

မြန်မာပြည်သူတွေ ငြင်းပယ်ဆန့်ကျင်နေတဲ့ လူသတ်စစ်အစိုးရဟာ မတည်ငြိမ်မှုတွေ လူမှုအကြပ်အတည်းတွေ ကျရှုံးနိုင်ငံဖြစ်မယ့်အန္တရာယ်တွေကိုပဲ ယူဆောင်လာလိမ့်မယ်ဆိုတာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုသင့်တယ်လို့ ပြောပါတယ်။

ဒီမိုကရေစီစံနှုန်းတွေ အခြေခိုင်နေမယ့် အနာဂတ်ကာလကိုလိုချင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း တိုင်းရင်းသားနဲ့ ဘာသာရေးအုပ်စုမျိုးစုံကြားက ညီညွတ်ရေးကို ဆက်လက်ခိုင်မာ နေသင့်ပါတယ်လို့ အိုဘားမားက တိုက်တွန်းပါတယ်။

လက်ရှိအချိန်ဟာ မှောင်မိုက်နေပေမယ့် မြန်မာနိုင်ငံသားတွေ ပြသခဲ့ကြတဲ့ ဒီမိုကရေစီတန်ဖိုးတွေအပေါ် စည်းစည်းလုံးလုံး မဆုတ်မနစ် သန္နိဋ္ဌာန်ချထားကြတာတွေကြောင့် အိုဘားမားဟာ စိတ်လှုပ်ရှားခဲ့ရကြောင်းနဲ့ ဒီအခြေအနေကြောင့် ပြည်သူ့ဆန္ဒကိုလေးစားတဲ့ ခေါင်းဆောင်တွေနဲ့အတူ အနာဂတ်မြန်မာနိုင်ငံတော်မျိုးအတွက် မျှော်လင့်ချက်တွေရှိလာရတယ်လို့ သူကဆက်ရေးထားပါတယ်။

၂၀၀၉ မှ ၂၀၁၇ အထိ အမေရိကန်သမ္မတရာထူး သက်တမ်း ၂ ခုဆက်တိုက်  တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘားရက်ခ်အိုဘားမားဟာ မြန်မာနိုင်ငံကို ၂ ကြိမ်လာရောက်ခဲ့ဖူးပြီး   မြန်မာ့ ဒီမိုကရေစီရေး  ထောက်ခံအားပေးခဲ့တဲ့ သမ္မတလည်းဖြစ်ပါတယ်။

Photo Credit- OBAMA FB

5 months Ago

October 22, 2020

သမ္မတထရမ့် အလုပ်လုပ်ရန်နှင့်အခြားသူကို ကူညီရေး စိတ်မဝင်စားဟု အိုဘားမားပြော

အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ သီတင်းနှစ်ပတ်တောင် မလိုတော့ချိန် အောက်တိုဘာ ၂၁ ရက်မှာ  သမ္မတဟောင်း အိုဘားမားက  လက်ရှိ သမ္မတ ထရမ့်ကို  ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။  ဒီမိုကရက်သမ္မတလောင်း ဘိုင်ဒင်ကိုယ်စား  ဖီလာဒဲဖီးယားမြို့ မဲဆွယ်ပွဲမှာ အိုဘားမားက “ထရမ့်ဟာ အလုပ်လုပ်ဖို့ စိတ်မဝင်စားဘူး။  သူ့ကိုယ်သူကလွဲပြီး တခြားသူကို ကူညီဖို့ စိတ်မဝင်စားဘူး”လို့ ပြောဆိုခဲ့ပါတယ်။  အမေရိကန်သမ္မတ သက်တမ်း နှစ်ဆက် တာဝန်ထမ်းခဲ့ပြီး  ဒီမိုကရက်တစ်ပါတီရဲ့ လူကြိုက် အများဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ဆက်ရှိနေတဲ့ အိုဘားမားက  သမ္မတ ထရမ့်ရဲ့ ကပ်ရောဂါ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ဝေဖန်တိုက်ခိုက်ခဲ့တာပါ။   အောက်တိုဘာ ၂၂ ရက်ကျရင် သမ္မတ ထရမ့်နဲ့ နက်ရှ်ဗေးလ်မြို့မှာ စကားစစ်ထိုးပွဲ ရှိတာမို့ ဒီမိုကရက် သမ္မတလောင်း ဘိုင်ဒင်ဟာ အိမ်မှာ စကားစစ်ထိုးပွဲအတွက်   ပြင်ဆင်နေပါတယ်။  ဒီအတွက် အိုဘားမားဟာ ဘိုင်ဒင်ကိုယ်စား မဲဆွယ်ပေးနေတာပါ။  ဇာတိမြေဖြစ်တဲ့ ပင်ဆာဗေးနီးယားပြည်နယ်မှာ အောင်နိုင်ရမယ်လို့ ဘိုင်ဒင်ဟာ ယုံကြည်ထားပြီး မဲဆွယ်ပွဲကာလအတွင်း ဘိုင်ဒင်ဟာ ဇာတိပြည်နယ်ကို တခြားပြည်နယ်တွေထက် ပိုမို လာရောက်ခဲ့ပါတယ်။  အောက်တိုဘာ ၁၉ ရက်က လုပ်တဲ့ ရိုက်တာလူထု စစ်တမ်းအရ ထရမ့်ဟာ  ပင်ဆာဗေးနီးယားမှာ ထောက်ခံမှု တိုးလာနေပါတယ်။  စစ်တမ်းအရ ဘိုင်ဒန်ဟာ လူထုထောက်ခံနှုန်း  ၄၉ရာခိုင်နှုန်း နဲ့ ထရမ့်က ၄၅ ရာခိုင်နှုန်း ရထားပြီး နှစ်ဦးသား ကွာခြားချက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ကျဉ်းမြောင်းလာတယ်လို့ ရိုက်တာက သုံးသပ်ထားပါတယ်။  
11 months Ago
More News
Up