အိုဒီယိုအီဂါလို

February 1, 2020

ဝက်ဖို့ဒ် တိုက်စစ်မှူးဟောင်းကို အငှားဖြင့် မန်ယူနိုက်တက် ခေါ်ယူ

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်း အိုဒီယိုအီဂါလိုကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။  အီဂါလိုဟာ လက်ရှိအချိန်မှာ တရုတ် စူပါလိဂ်ကလပ် ရှန်ဟိုင်း ရှန်ဟူးအသင်းမှာ ကစားနေတာဖြစ်ပြီး အသက် ၃၀ အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင်ကို ယူနိုက်တက်အသင်းရဲ့ ခေါ်ယူမှုမှာ အပြီးသတ် ဝယ်ယူခွင့်တော့ မပါဝင်ပါဘူး။  လက်ရှိအချိန်မှာ အီဂါလိုဟာ တရုတ်နိုင်ငံမှာပဲ ရှိနေဆဲဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်း အင်္ဂလန်ကို ရောက်ရှိလာမှာပါ။ သူဟာ ဝက်ဖို့ဒ်အသင်းမှာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ၉၉ ပွဲမှာ ၃၉ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။  “အိုဒီယိုဟာ အတွေ့အကြုံရင့် ကစားသမားပါ။ သူဟာ ယူနိုက်တက်အသင်းကို ကာလတိုသာ လာရောက်ပူးပေါင်းတာ ဖြစ်ပေမယ့် ကျနော်တို့အတွက် ခြားနားတဲ့ တိုက်စစ်ပုံစံမျိုး ဖန်တီးပေးမယ့် ကစားသမားပါ” လို့ ယူနိက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။  အီဂါလိုဟာ တရုတ်စူပါလိဂ်ကို ၂၀၁၇ ခုနှစ်ကတည်းက ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီးတော့ ကနဦးမှာ ချန်းချွန်းယာတိုင်အသင်းမှာ ကစားခဲ့ပါတယ်။ ဒီအသင်းနဲ့ နှစ်ရာသီ ဖြတ်သန်းပြီးသွားချိန်မှာမှ သူဟာ လက်ရှိကလပ် ရှန်ဟိုင်းအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၁၉ ပွဲ ကစားပြီးချိန်မှာ ၁၀ ဂိုး သွင်းယူထားနိုင်ပါတယ်။  အီဂါလိုဟာ နိုင်ငံအသင်းမှာလည်း ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပြီးတော့ အာဖရိနိုင်ငံများ ဖလားပြိုင်ပွဲမှာလည်း နိုင်ဂျီးရီးယားအသင်းအတွက် ၇ ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ အီဂါလိုကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် အသင်းတချို့က ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဟာ သူငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ယူနိုက်တက်အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အီဂါလိုဟာ ဖယ်လ်ကာအိုနောက်ပိုင်း စီနီယာအသင်းအတွက် ယူနိုက်တက်အသင်းက အငှားခေါ်ယူခဲ့တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။  အီဂါလိုကို မခေါ်ယူနိုင်ခင် ယူနိုက်တက်အသင်းဟာ ဘုန်းမောက်တိုက်စစ်မှူး ဂျို့ရှ်ကင်းကို စိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုံးမှာတော့ အီဂါလိုကိုသာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။  ဒါပေမဲ့ အီဂါလိုဟာ အသင်းရဲ့မူဝါဒတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ယူနိုက်တက်ဘက်က သူ့ကိုကာလတိုအတွက်သာ ခေါ်ယူခဲ့တာဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်လို ကာလရှည်စာချုပ် ချုပ်ဆိုခြင်းတော့ မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာ အားထားရတဲ့ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး တိုက်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် သူ့ကို ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
1 year Ago
Up