အိုင်အက်စ်စစ်သွေးကြွ

October 5, 2021

ကဘူးလ်မြောက်ပိုင်းက အိုင်အက်စ်စစ်သွေးကြွများ၏ ကလာပ်စည်းတရပ်ကို တာလီဘန်များ ဖျက်ဆီး

အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တပ်တွေဟာ ကဘူးလ်မြို့တော် မြောက်ပိုင်းက အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ကလာပ်စည်းတရပ်ကို အောက်တိုဘာ ၃ ရက်က ဖျက်ဆီးခဲ့တယ်လို့ လှုပ်ရှားမှုရဲ့ ပြောခွင့်ရက ပြောပါတယ်။

မြို့တော် ကဘူးလ်က ဗလီရဲ့ အပြင်ဘက်မှာ ပေါက်ကွဲမှုတရပ်ကြောင့် အရပ်သားတွေ သေဆုံး ဒဏ်ရာရအပြီး အိုင်အက်စ်ကလာပ်စည်းကို ဖျက်ဆီးခဲ့တာပါ။

တာလီဘန် အထူးတပ်ဖွဲ့တဖွဲ့ဟာ ကဘူးလ်မြို့တော် မြောက်ဘက်က ၁၇ ခုမြောက် ခရိုင်ထဲမှာ ရှိတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေကို အောက်တိုဘာ ၃ ရက်နှောင်းပိုင်းက စစ်ဆင်ရေး လုပ်ခဲ့တာလို့ တာလီဘန် ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်က ဆိုပါတယ်။

စစ်ဆင်ရေးဟာ အောက်တိုဘာ ၃ ရက်နေ့ ပေါက်ကွဲမှုနဲ့ တိုက်ရိုက်ပတ်သက်သလား ဆိုတာကိုတော့ အတည်မပြုပါဘူး။ 

ပေါက်ကွဲမှုဟာ သြဂုတ်လကုန်ပိုင်းက အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာအပြီး အာဖဂန်မြို့တော်ကို အပြင်းထန်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေကို သစ္စာခံထားတဲ့ အိုင်းဇက်စ် ခိုရာစံလို့ သိကြတဲ့ ဒေသခံ အဖွဲ့ဟာ တာလီဘန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အခိုင်အမာ ပြောခဲ့ဖူးပါတယ်။ အိုင်အက်စ်တွေဟာ တာလီဘန်တွေနဲ့ မပြေမလည် ရှိနေဆဲပဲလို့ ရိုက်တာသတင်းမှာ ဖော်ပြ ထားပါတယ်။

12 months Ago

October 9, 2020

အိုင်အက်စ်စစ်သွေးကြွ သံသယရှိသူ ၂ ဦး အမေရိကန်တရားရုံး၌ တရားရင်ဆိုင်

အိုင်အက်စ်သွေးကြွလို့ သံသယရှိတဲ့ လူ ၂ ယောက်ဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အလက်ဇန်းဒရီးယားမြို့ ပြည်ထောင်စုတရားရုံးမှာ အောက်တိုဘာ ၇ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။  ဆီးရီးယားမှာ အမေရိကန် ဓားစာခံတွေကို ခေါင်းဖြတ်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ အမေရိကန်ရာဇဝတ်မှု စွဲချက်တွေအတွက် တရား ရင်ဆိုင်နေရတာပါ။  အလက်ဇန်းဒါး ကိုတေးနဲ့ အယ်လ်ရှဖိဒ်အယ်လ်ရှိတ်ခ်တို့ကို မနှစ်က အီရတ်နိုင်ငံမှာ အမေရိကန်စစ်တပ်က စောင့်ကြပ်ထားခဲ့ပြီး ခုတော့ ပြည်ထောင်စုထောက်လှမ်းရေးဗျူရို FBI ရဲ့ အချုပ်ခန်းထဲမှာ ရောက်နေပါပြီ။  သူတို့ဟာ ဗြိတိန်မှာကြီးတဲ့ ယူကေနိုင်ငံသားဖြစ်ပြီး ဗြိတိန်အစိုးရက သူတို့ရဲ့ နိုင်ငံသား ဖြစ်မှုကို ပယ်ဖျက်ပြီးပါပြီ။  သူတို့ဟာ ဗြိတိန်လေယူလေသိမ်းကြောင့် ဘီတယ်စ်လို့ သိကြတဲ့ အိုင်အက်စ်အဖွဲ့ အမာခံ ၄ ယောက်ထဲက ဖြစ်တယ်လို့ သံသယရှိ ခံထားရပါတယ်။  သူတို့အုပ်စုဟာ အမေရိကန်သတင်းထောက် ၂ ယောက်နဲ့ အကူညီပေးရေး လုပ်သား ၂ ယောက် အပါအဝင် အနောက်နိုင်ငံသား ဓားစာခံတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူတွေလို့ စွပ်စွဲခံ ထားရပါတယ်။  နိုင်ငံခြားသား ဓားစာခံတွေကို ခေါင်းဖြတ်နေပုံတွေကို ပြထားတဲ့ အိုင်အက်စ်အဖွဲ့ရဲ့ ရုပ်သံ တွေကို အင်တာနက်ပေါ် တင်ခဲ့ရာမှာ ပါဝင်ပတ်သက်မှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။  ခုခံ လျှောက်လဲသူ ၂ ယောက်ကို လူသေဆုံးသည်အထိ ပြန်ပေးဆွဲမှု လေးမှု၊ လူသတ်ဖို့ ရာဇဝတ်မှု မြောက်တဲ့ လျှိ့ဝှက်ပူးပေါင်းကြံစည်မှု လေးမှု၊ အကြမ်းဖက်ဝါဒကို ထောက်ခံမှု တွေနဲ့ စွဲဆိုထားပြီး ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။  သူတို့ ၂ ယောက်အတွက် ရှေ့နေမရှိဘူးလို့ အောက်တိုဘာ ၇ ရက်မနက်မှာ ဥပဒေ အာဏာတည်စေရေး အရာရှိတယောက်က ပြောပါတယ်။  
2 years Ago
Up