အိုင်ဗရီကို့စ်နိုင်ငံမှာ ဆောက်လုပ်ဆဲ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ စင်တာတခုကို ဒေသခံတွေက ဖျက်ဆီးလိုက်တာကြောင့် ဧပြီ ၆ ရက်က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
လူငယ်တွေက ပစ္စည်းတွေကို စုပုံမီးရှို့ပြီး ဆောက်လက်စ စင်တာကို ဖျက်ဆီးဖို့ လုပ်ကြပါတယ်။
ဆန္ဒပြသူ အတော်များများဟာ နှာခေါင်းစည်းတွေ တပ်တာမျိုး၊ မျက်နှာကို ဆေးဖြူတွေ သုတ်တာမျိုးတွေ လုပ်ထားပါတယ်။
အာဏာပိုင်တွေက အဲဒီစင်တာဟာ COVID-19 လူနာတွေကို ကုသပေးမယ့် ဆေးရုံ မဟုတ်ဘဲ စစ်ဆေးတဲ့စင်တာ ဖြစ်တယ်လို့ ရှင်းပြပေမယ့် ဒေသခံတွေက သူတို့နေအိမ်တွေအနီးမှာ အဲဒီအဆောက်အအုံကို အလိုမရှိဘူးဆိုပြီး ပြောကြပါတယ်။
အဲဒီနောက် ဒေသခံတွေက စင်တာကို စတင်ဖျက်ဆီးပြီး ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဓာတ်ငွေ့တွေ ပြန်သုံးခဲ့ပါတယ်။
ဒီပဋိပက္ခမှာ ဆန္ဒပြသူရော ရဲတပ်ဖွဲ့ဝင်တွေပါ ထိခိုက်တာ မရှိခဲ့ပေမယ့် ၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဧပြီ ၁ ရက်ကစလို့ အဘီဂျန်မြို့မှာ ရွေ့လျား ဆေးရုံ ၃ ခု တည်ဆောက်နေပြီး ဧပြီ ၁၀ ရက်မှာ ပြီးစီးမှာ ဖြစ်ပါတယ်။
ဧပြီ ၅ ရက်အထိ အိုင်ဗရီကို့စ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၂၄၅ ယောက် ရှိတယ်လို့ CDC အာဖရိက ထုတ်ပြန်ချက်အရသိရပြီး သေဆုံးသူ ၃ ယောက်ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
11 months Ago