အိုင်စီစီ

February 12, 2020

အိုင်စီစီက အလိုရှိသူအားလုံး ရုံးတင်အစစ်ခံရန် ဆူဒန်အစိုးရနှင့် ဒါဖာသူပုန်အဖွဲ့များ သဘောတူ

နိုင်ငံတကာရာဇဝတ်တရားရုံး (အိုင်စီစီ) က အလိုရှိသူအားလုံး ရုံးတင်အစစ်ခံမယ်လို့ ဆူဒန်အစိုးရနဲ့ ဒါဖာသူပုန်အဖွဲ့တွေက ဖေဖော်ဝါရီ ၁၁ ရက်မှာ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ ရာထူးက အဖယ်ခံရတဲ့ သမ္မတဟောင်း ဘာရှာရဲ့ ရှေ့နေကတော့ အဲဒီအစီအစဉ်ကို ပယ်ချလိုက်ပါတယ်။ မနှစ်တုန်းက ရာထူးကနေ ဖယ်ရှားခံရတဲ့  ဆူဒန်သမ္မတဟောင်း ဘာရှာကို စစ်ရာဇဝတ်မှု၊  ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်  အိုင်စီစီက အလိုရှိနေပါတယ်။  ဒါပေမဲ့  အဲဒီအကြောင်းကို ကြေညာရာမှာ ပြန်ကြားရေးဝန်ကြီးက သမ္မတဟောင်းရဲ့ နာမည်ကို မဖော်ပြခဲ့ပါဘူး။ ဒီကိစ္စဟာ နိုင်ငံရေး တရားရုံးကိစ္စ ဖြစ်တာကြောင့် အိုင်စီစီနဲ့ ပတ်သက်ဖို့ကို သမ္မတဟောင်းက ငြင်းဆိုထားတယ်လို့ ဘာရှာရဲ့ရှေ့နေက ပြောပါတယ်။  အိုင်စီစီရဲ့ စွပ်စွဲချက်တွေဟာ အနောက်နိုင်ငံတွေရဲ့ ပူးပေါင်းကြံစည်မှု တစိတ်တပိုင်း ဖြစ်တယ်လို့လည်း သမ္မတဟောင်း ဘာရှာက ပြောပါတယ်။ ဆူဒန်စစ်တပ်နဲ့ သဘောတူညီချက်ယူထားတဲ့  ၃ နှစ် အသွင်ကူးပြောင်းကာလမှာ လက်ရှိ အရပ်သားအစိုးရဟာ ဒါဖာဒေသနဲ့ တခြား အပစ်ပယ်ခံဒေသတွေက သူပုန်တွေနဲ့ ငြိမ်းချမ်းရေးယူဖို့ ကြိုးပမ်းနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက အနောက်ဒါဖာဒေသမှာ အကြမ်းဖက်မှုဖြစ်ခဲ့ပြီး လူ ၆၅ ယောက်ထက်မနည်း သေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်းထောင်ချီ နေရပ်စွန့်ခွာခဲ့ရတယ်လို့ နိုင်ငံတကာငြိမ်းချမ်းရေးမစ်ရှင်က ပြောပါတယ်။
2 years Ago

January 15, 2020

ဗိုလ်ချုပ်ဆူလေမန်နီ အောက်မေ့ဖွယ်ပွဲ ကျင်းပ၊ အီရန်က အမေရိကန်ကို အိုင်စီစီတွင် တရားစွဲမည်

ယူကရိန်း လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့သူတွေနဲ့ အမေရိကန် ဒရုန်းယာဉ် တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ ဗိုလ်ချုပ်ဆူလ‌မန်နီအတွက် ဇန်နဝါရီ ၁၄ ရက်က အီရန်နိုင်ငံ မြို့တော် တီဟီရန်မှာ  အောက်မေ့ဖွယ် အထိမ်းအမှတ်ပြုလုပ်ခဲ့ပါတယ်။ ဇန်နဝါရီ ၈ ရက်က ယူကရိန်းလေယာဉ် ပျက်ကျ သေဆုံးခဲ့တဲ့ လူ ၁၇၆ ယောက်အတွက် အထိမ်းအမှတ်ပွဲလာသူတွေက ဖယောင်းတိုင်ဆီမီး ထွန်းညှိခဲ့ပါတယ်။ ဒီလေယာဉ်ပျက်ကျမှုဟာ လွန်ခဲ့တဲ့ ၄ နှစ်က အာဏာရလာတဲ့ အစ္စလာမ်မစ် အုပ်ချုပ်သူတွေအပေါ် အကြီးမားဆုံး  အများပြည်သူ ဆန့်ကျင်ဆန္ဒပြမှု ဖြစ်စေခဲ့ပါတယ်။ ဒီအထိမ်းအမှတ်ပွဲမှာ ဆန္ဒပြသူတွေက  ဗြိတိန်၊ အမေရိကန် အလံတွေနဲ့ ဗြိတိန်သံအမတ်ကြီး ရောဘတ်မက်ကဲတို့ရဲ့ ပိုစတာကို မီးရှို့ခဲ့ပါတယ်။  ဇန်နဝါရီလ ၁၁ ရက်မှာ အီရန်အာဏာပိုင်တွေက သံအမတ်ကြီး ရောဘတ်မက်ကဲကို ခေတ္တခဏ ထိန်းသိမ်းခဲ့ပြီးနောက်  တရားရေးဝန်ထမ်းတွေက သူ့ကို ဆန္ဒပြပွဲတွေ ဖန်တီးတယ်လို့ စွပ်စွဲပြီး “မနှစ်မြို့ဖွယ်ပုဂ္ဂိုလ်” အဖြစ် တံဆိပ်တပ်ခဲ့ပါတယ်။ ဗြိတိန်သံအမတ်ကြီးကတော့ သူဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ပွဲ တက်ရောက်တာဖြစ်တယ်လို့ ပြောပါတယ်။  ဒါ့အပြင် အီရန် ဗိုလ်ချုပ် ဆိုလန်မန်နီကို သတ်ဖြတ်မှုနဲ့ အမေရိကန် စစ်တပ်နဲ့ သမ္မတဒေါ်နယ်ထရမ့်ကို နိုင်ငံတကာရာဇဝတ်တရားရုံး ( အိုင်စီစီ)  မှာ တရားစွဲဆိုသွားမယ်လို့လည်း အီရန်တရားရေး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် ဂိုလန်ဟူစိန် အစ္စမေးလ်က ဇန်နဝါရီလ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
2 years Ago
More News
Up