အိုင်အက်စ် စစ်သွေးကြွ ၂ ဦးကို

April 23, 2017

အိုင်အက်စ် စစ်သွေးကြွ ၂ ဦးကို ရုရှားက အသေပစ်ခတ်ဖမ်းဆီး (ရုပ်သံ)

အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့က လေ့ကျင့်သင်တန်းပေးခဲ့တဲ့ စစ်သွေးကြွ ၂ ယောက်ကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေက ဧပြီ ၂၂ ရက်နေ့မှာ အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ရုရှား အကြမ်းဖက် နှိမ်နင်းရေး ကော်မတီကပြောဆိုပါတယ်။ ရုရှားနိုင်ငံတောင်ပိုင်းမှာ သူတို့ကို လိုက်ဖမ်းတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း အသေပစ်ခတ်ဖမ်းဆီးခဲ့ရတာလို့ အကြမ်းဖက်နှိမ်နင်းရေးကော်မတီ ပြောခွင့်ရသူက ပြောဆိုပါတယ်။ သူတို့ ၂ ဦးဟာ ရုရှားနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေကြတယ်လို့လည်း ပြောဆိုပြီး သူတို့ကို လိုက်လံရှင်းလင်းပုံ ဗွီဒီယိုကိုလည်း အာဏာပိုင်တွေက ပြသခဲ့ပါတယ်။ အခုလဆန်းပိုင်းက စိန့်ပီတာစ်ဘတ်မြို့မှာ မြို့ပတ်ရထားအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနိုင်ငံမှာ လုံခြုံရေးတပ်လှန့်ထားတာပါ။ အဲဒီမြို့ပတ်ရထား အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူ ၁၆ ဦးသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံအရှေ့ပိုင်းက ဒေသခံလုံခြုံရေးတပ်ဖွဲ့ဌာနအတွင်း သေနတ်သမားတဦး ၀င်ရောက်ပစ်ခတ်သွားလို့ လုံခြုံရေးဝန်ထမ်းတဦးနဲ့ ရုံးကို လာရောက်တဲ့ ဧည့်သည်တဦးတို့ သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကို အိုင်အက်စ်အကြမ်းဖက်တပ်ဖွဲ့က တာဝန်ခံကြေညာခဲ့တယ်လို့ အမေရိကန်အခြေစိုက် အကြမ်းဖက်စောင့်ကြည့်ရေး အဖွဲ့တဖွဲ့က ပြောဆိုပါတယ်။
4 years Ago
Up