အိုင်အက်စ်စစ်ဆင်ရေးတွင်  အရပ်သား

March 27, 2017

အိုင်အက်စ်စစ်ဆင်ရေးတွင်  အရပ်သား ရာချီသေဆုံးသည့် သတင်းများအပေါ် အီရတ် ငြင်းဆို

မတ် ၁၇ ရက်နေ့က အီရတ်နိုင်ငံ မိုဆူးလ်မြို့မှာ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးမှာ မဟာမိတ်လေကြောင်း ပစ်ခတ်မှုအတွင်း အရပ်သား ရာနဲ့ချီ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေကို အီရတ်စစ်တပ်က ငြင်းဆိုပါတယ်။ မိုဆူးလ်မြို့ခံတွေ မဟာမိတ်လေကြောင်းပစ်ခတ်မှုအတွင်း သေဆုံးတာမဟုတ်ပဲ အိုင်အက်စ် အကြမ်းဖက်တွေ ထောင်ခဲ့တဲ့ ထောင်ချောက်မိုင်းကြောင့် သေဆုံးခဲ့တာလို့ အီရတ်စစ်တပ်က ပြောဆိုပါတယ်။ အမေရိကန်စစ်ဌာနကလည်း အဲဒီစွပ်စွဲမှုတွေကို စုံစမ်းနေတယ်လို့ ပြီးခဲ့တဲ့ မတ် ၂၅ ရက်နေ့က ပြောပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် မိုဆူးလ်မြို့အနောက်ပိုင်း ထိုးစစ်ကို ရပ်ဆိုင်းတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မတ် ၂၆ ရက်နေ့မှာ အီရတ်စစ်တပ်က စစ်ဆင်ရေးတွေ ပြန်လုပ်နေပါတယ်။ အဲဒီပေါက်ကွဲမှုအတွင်း အဆောက်အဦပြိုကျပြီး အရပ်သား ၂၀၀ ကျော်သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အီရတ်စစ်တပ်ကတော့ အလောင်း ၆၀ ကျော် တွေ့ရှိထားတယ်လို့ မတ် ၂၆ ရက်နေ့က ပြောဆိုပါတယ်။ အီရတ်စစ်ရေးကျွမ်းကျင်သူတွေ အဲဒီပြိုကျခဲ့တဲ့အဆောက်အဦးမှာ စစ်ဆေးကြည့်တာမှာ လေကြောင်းက တိုက်ခိုက်ခံရတဲ့ လက္ခဏာ မတွေ့ရပဲ အဲဒီအဆောက်အဦးနားမှာ ကားတစီးပေါ် ဖောက်ခွဲရေးပစ္စည်တွေ အပြည့်တင်ဆောင်ထားတဲ့ ထောင်ချောက်မိုင်းတခုကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အိုင်အက်စ်အကြမ်းဖက်တွေဟာ အရပ်သားမိသားစုတွေနဲ့ နေအိမ်တွေထဲ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ၀င်ရောက်ပြီး အဲဒီအိမ်တွေထဲကနေ အီရတ်စစ်တပ်ကို ခုခံနေကြတယ်လို့ မျက်မြင်တွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး အီရတ်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
5 years Ago
Up