အိုင်အက်စ်ကို

December 10, 2017

အိုင်အက်စ်ကို အောင်ပွဲခံလိုက်ကြောင်း အီရတ်ဝန်ကြီးချုပ် ကြေညာ

အစ္စလာမ်မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေကို နောက်ဆုံး အောင်ပွဲခံလိုက်ပြီလို့ အီရတ်ဝန်ကြီးချုပ်က ကြေညာလိုက်ပါတယ်။ ဒီဇင်ဘာလ ၉ ရက်က မြို့တော်ဘဂ္ဂဒက်မှာ အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်အတ်ဘာဒီက ရုပ်မြင်သံကြား မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “ကျနော်တို့ရဲ့ သူရဲကောင်းတွေဟာ အိုင်အက်စ်တွေရဲ့ နောက်ဆုံး အခိုင်အမာ စခန်းတွေဆီ သွားရောက်ပြီး ရှင်းလင်းခဲ့ပြီးပါပြီ။ အီရတ်ရဲ့  နောက်ဆုံး သိမ်းပိုက်ခံနယ်မြေတွေဖြစ်တဲ့ အန်ဘာ အနောက်ပိုင်း ဒေသတွေမှာ အီရတ်အလံတွေ စိုက်ထူထားပါတယ်။ ဒီနေ့ဆိုရင် အီရတ်နယ်မြေအားလုံးနဲ့ အဝေးဆုံးနယ်စပ်ဒေသတွေမှာပါ အီရတ်အလံတွေ တလူလူ လွှင့်နေပါပြီ။ ခင်ဗျားတို့ရဲ့ အောင်ပွဲအတွက်  ဂုဏ်ယူခွင့်ရှိပါတယ်။ အကြောင်းကတော့ ခင်ဗျားတို့ရဲ့ သတိဝီရိယ၊ စည်းလုံးမှုနဲ့ စွန့်လွှတ်မှုတွေကြောင့်သာ အခုလို အောင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီအောင်ပွဲကို ဆက်လက်ထိန်းသိမ်းပြီး နယ်မြေပိုင်နက်နဲ့ စည်းလုံးမှုကို လည်း ဆက်လက်ထိန်းသိမ်းရပါမယ်။ အီရတ်နိုင်ငံမှာ တောက်ပတဲ့ အနာဂတ်နဲ့ နေ့သစ်တခု စတင်ပြီး ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို ရရှိနေပါပြီ။ ဒီလို သမိုင်းဝင် အခါသမယမှာ အခု အောင်ပွဲနဲ့ ပတ်သက်လို့ အီရတ်ပြည်သူအားလုံးနဲ့ စစ်သည်အားလုံးကို ဂုဏ်ပြုပါတယ်။ ဒီအောင်ပွဲဟာ အီရတ်ပြည်သူအားလုံးရဲ့ အောင်ပွဲ ဖြစ်တာကြောင့် နှစ်စဉ်မပြတ် ကျင်းပထိုက်ပါတယ်” လို့ အီရတ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြား ခဲ့ပါတယ်။ အိုင်အက်စ် တွေဟာ အီရတ်နိုင်ငံရဲ့ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်ခဲ့ပြီး  သုံးနှစ်အကြာမှာ အခုလို အီရတ်တပ်ဖွဲ့ဝင်တွေက  အိုင်အက်စ်တွေအပေါ်မှာ နောက်ဆုံး အောင်ပွဲခံ လိုက်တာဖြစ်ပါတယ်။
4 years Ago
Up