အိုက်အက်စ်

January 15, 2016

ဂျကာတာမြို့လယ် ဖောက်ခွဲ ပစ်ခတ်မှု၊ အိုက်အက်စ်အဖွဲ့ စီစဉ်ဟု ရဲတပ်ဖွဲ့ပြော

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့လယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၄ ရက်နေ့က တိုက်ခိုက်မှုကို အစ္စလာမ္မစ် နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)အဖွဲ့က စီစဉ်ခဲ့တယ်လို့ ဂျကာတာမြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။ နေရာအတော်များများ တိုက်ခိုက်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပြီး ၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ၅ ယောက်က အကြမ်းဖက် တိုက်ခိုက်ရေးသမားတွေ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတယောက်နဲ့ ကနေဒါ တယောက် သေဆုံးခဲ့ပြီး ယူအန်မှာ အလုပ်လုပ်နေတဲ့ ဒတ်ခ်ျလူမျိုး တဦးအပါအ၀င် လူအယောက် ၂၀ လောက် ဒဏ်ရာရခဲ့ကြပါတယ်။ သေဆုံး ဒဏ်ရာရတဲ့ အရေအတွက် မများဘူးလို့ ဆိုနိုင်ပေမယ့် ဒါဟာ အင်ဒိုနီးရှားနိုင်ငံအတွက် စိန်ခေါ်မှု အသစ် ဖြစ်လာပါတယ်။ ဂျကာတာမြို့တော် ရဲမင်းကြီးက အခု တိုက်ခိုက်မှုဟာ အရှေတောင်အာရှဒေသမှာ အခြေစိုက်တဲ့ အိုင်အက်အဖွဲ့ခွဲ ဘတ်ခ်ျရွန် နိင့်(Bahrun Naim)ရဲ့ လက်ချက် ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီအဖွဲ့ခွဲဟာ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ တခြားဒေသတွေမှာ အခြေစိုက်ထားပြီး တခြား အိုင်အက်စ်အဖွဲ့ခွဲတွေထက် စွမ်းဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသဖို့အတွက် အခုတိုက်ခိုက်မှုကို စီစဉ်တာလို့ ဆိုပါတယ်။ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ နေရာတွေမှာ သမ္မတအိမ်တော်နဲ့ ကုလသမဂ္ဂရုံးတွေအနားက စတားဘတ်ဂ်ကော်ဖီဆိုင်တဆိုင်လည်း ပါဝင်ပါတယ်။ ဒီတိုက်ခိုက်မှုတွေ မဖြစ်ခင် အိုင်အက်စ်အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ အင်ဒိုအာဏာပိုင်တွေက ပြောဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်နိုင်ငံတွေထဲမှာ လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အရင်ကလည်း အစ္စလာမ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။    
6 years Ago
Up