အိမ်မှာသာနေ

May 8, 2020

အိမ်မှာသာနေကြရန်  ဗိုလ်ချုပ်မှူးကြီးတိုက်တွန်း 

COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးတဲ့အတွက်  အိမ်မှာ သာနေကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ မေ  ၇ ရက်က  နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမမှာ ကျင်းပတဲ့  ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးနှင့်အခြား လိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။ လက်ရှိအခြေအနေအထိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသဖြင့် Home Stay သာနေကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စရှိမှသာ အပြင်ထွက်ခြင်း၊ ယာယီတာဝန်သွားတာတွေလုပ်ဆောင်ကြဖို့နဲ့ ရောဂါကူးစက်မှု အန္တရာယ်ကြီးမားနိုင်တဲ့အတွက် တပ်မတော်သားများသာမက တပ်တွင်း၊ တပ်ပြင်နေ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုဝင်တွေအနေနဲ့ အလုပ်ကိစ္စမရှိဘဲ အပြင်သို့သွားလာခြင်း မပြုကြဖို့နဲ့ စည်းကမ်းထိန်းသိမ်းကြဖို့ လိုတယ်လို့   ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ အရေးကြီးတဲ့အတွက်  အခုထက်ပိုမို စစ်ဆေး ဆောင်ရွက်ကြဖို့၊  တပ်မတော်ပိုင် စက်ရုံ၊ အလုပ်ရုံတွေ စည်းကမ်းလိုက်နာဖို့၊  တိုင်းစစ်ဌာနချုပ်နယ်မြေအလိုက် တန်ဖိုးသင့်ဟင်းလျာတွေ အခက်အခဲမရှိပါက ရောင်းချပေးဖို့ ၊ ရောဂါပိုးရှာဖွေစစ်ဆေးရေးအတွက် Reagent တွေကို အကျိုးရှိရှိ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အသုံးပြုပြီး စစ်ဆေးပေးဖို့တွေ လည်း မှာကြားသွားပါတယ်။ COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်တွေ အချိန်နဲ့ တပြေးညီ မှန်မှန်ကန်ကန် သိရှိမှသာ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်မှာ ဖြစ်လို့ လူတိုင်းတာဝန်သိသိနဲ့ နားလည်၊ လိုက်နာဆောင်ရွက်ကြဖို့လည်း တပ်မတော် အကြီးအကဲက ပြောပါတယ်။ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေ ရခိုင်ပြည်နယ်မှာ ထိရောက်စွာမလုပ်ဆောင် နိုင်သေးလို့  တပ်မတော်က ကူညီဆောင်ရွက် လုပ်ဆောင်ပေးရမယ်လို့ လည်းပြောပါတယ်။  ကျောင်းဖွင့်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးလည်း ပုံမှန်အားဖြင့် ဇွန်လမှာ စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရမှာဖြစ်လို့  တကယ်လို့ ရောဂါ ဖြစ်ပွားမှု အခြေအနေအရ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့  အခက်အခဲရှိမယ်ဆိုပါက တပ်တွင်းမှာ မီခိုနေတဲ့  ကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်အကွာအဝေးနဲ့  ဆရာ၊ ဆရာမတစ်ဦးလျှင် ကျောင်းသား ၁၀ ယောက်စုနှုန်းနဲ့ အလှည့်ကျ အချိန်ခွဲဝေသင်ကြားပေးပါက အဆင်ပြေနိုင် တယ်လို့လည်းဆိုပါတယ်။  လက်ရှိအချိန်အထိ တပ်မတော်အတွင်း COVID-19  ရောဂါကူးစက်ခံရသူ ရုရှားနိုင်ငံ ပညာတော်သင် အရာရှိ  ၅  ဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်က စစ်သည် ၁ ဦး စုစုပေါင်း  ၆ ဦးရှိပါတယ်။ Hospital Quarantine စောင့်ကြည့်သူ တပ်မတော်သား  ၁၆  ဦး၊ မှီခို ၄ ဦး၊ Home  Quarantine စောင့်ကြည့်ထားတဲ့ တပ်မတော်သား ၂၈၅ ဦး၊ မှီခို ၇၇  ဦး၊ Facilities Quarantine စောင့်ကြည့်ထားတဲ့  တပ်မတော်သား  ၃၂၈ ဦး၊ မှီခို ၂၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။
11 months Ago
Up