အိမ်မဲ

A d v e r t i s e m e n t With Us

May 16, 2020

အိမ်မဲရှိ Quarantine စင်တာ ၆ ခုအတွက် လွှတ်တော်ကိုယ်စားလှယ် အလှူခံထွက်နေ

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်က Quarantine စင်တာတွေမှာ နေထိုင်သူတွေအတွက် စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် မြို့ထဲက လုပ်ငန်းရှင်တွေထံမှာ အလှူခံတာတွေ ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့ထဲက လူတွေ Mask တပ်၊ မတပ် လိုက်ပြီး မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ တုံ့ပြန်ရေးကော်မတီက အဖွဲ့နဲ့ ထွက်စစ်ရင်း အဖွဲ့အစည်းစုံနဲ့ Quatantine မှာ နေထိုင်သူတွေအတွက် စားစရိတ်မလောက်တော့လို့ မြို့ခံစေတနာရှင်တွေကို အလှူခံလိုက်တာ သိန်း ၃၀ လောက်ရတော့ ဒီအသုတ်အတွက် လုံလောက်သွားတယ်လို့ အိမ်မဲမြိုနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက DVB ကို ပြောပါတယ်။ “စပြီး Quarantine လုပ်ကတည်းက အားလုံးကို စားစရိတ်နဲ့ အခြားစရိတ်တွေကို တာဝန်ယူပေးထားတာပါ၊ ခုဝင်နေတဲ့ အသုတ်က နောက်လ ၃ ရက်နေ့မှာ ပြည့်မှာ။ ပိုက်ဆံက သိန်းမကျန်တော့လို့ အလှူခံထွက်တာပါ၊ ငွေ ၂၉ သိန်းကျော်နဲ့ ဆန် ၃ အိတ်လောက် မြို့ခံအလှူရှင် တွေကလည်း ပေါင်းလှူပေးပါတယ်၊ အလှူခံပေးရတာတော့ သိပ်အထူးဆန်းကြီး မဟုတ်တော့ပါဘူး။”  အိမ်မဲမြို့နယ်မှာ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သိန်း ၁၂၀ အသုံးစရိတ်ချပေးထားပေမယ့် ရပ်မိရပ်ဖတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး အလှူငွေကောက်ခံခဲ့ရာ သိန်း ၃၀၀ နီးပါးရရှိခဲ့ပြီး လူဦးရေ ၁၂၀ နီးပါးအတွက် အသုံးစရိတ် သိန်း ၃၀ လောက်သာ ရှိတော့တာကြောင့် အလှူခံထွက်ချိန်မှာ တချို့စေတနာရှင်တွေက ၂ ခါပြန်၊ ၃ ခါပြန်တောင် လှူပေးတာရှိတယ်လို့ ဆိုပါတယ်။ အိမ်မဲမြို့နယ်မှာ ပြည်ပက ပြန်လာသူတွေနဲ့ ရန်ကုန်တိုင်းအတွင်းက Lock Dwon ချခံထားရတဲ့ မြို့နယ်တွေက ပြန်လာသူတွေကို စောင့်ကြည့်ဖို့အတွက် Quarantine စင်တာ ၆ ခုထားရှိပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ခံခဲ့သူ ၂၄၀ ဦးအထိ ရှိခဲ့ပါတယ်။ ၁၁၂ ယောက်ကတော့ ရက်ပြည့်ခဲ့ပြီဖြစ်လို့ လက်ရှိမှာတော့ ၁၂၈ ယောက်ကို အသွားအလာစောင့်ကြည့်နေတယ်လို့ မြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက တာဝန်ရှိသူက ပြောပါတယ်။ မင်းထက်မုန်း (ပုသိမ်)
8 months Ago
Up