ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ကို သမ္မတရွေးချယ်ရေးအဖွဲ့က အတည်ပြုပါက အိမ်ဖြူတော်က ထွက်ခွာမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။
အိမ်ဖြူတော်မှာ အစဉ်အလာအရ ကျင်းပတဲ့ ကျေးဇူးတော်နေ့အခမ်းအနားအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေကို မိန့်ခွန်းပြောပြိးနောက်မှာ သမ္မတ ထရမ့်က အဲဒီလို မှတ်ချက်ပေးခဲ့တာပါ။
နိုဝင်ဘာ ၃ ရက် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဘိုင်ဒင်က သမ္မတ ဖြစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ကို ကျော်လွန်ပြီး ၃၀၆ မဲ ရခဲ့ပါတယ်။ လက်ရှိသမ္မတ ထရမ့်ကတော့ ၂၃၂ မဲ ရခဲ့ပါတယ်။ ပြည်သူ့ဆန္ဒမဲ စုစုပေါင်းမှာလည်း ဘိုင်ဒင်က ထရမ့်ထက် မဲအရေအတွက် ၆ သန်းကျော် ရရှိခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ သမ္မတထရမ့်က ရွေးကောက်ပွဲ ရှုံးနိမ့်တာကို ဝန်မခံသေးဘဲ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိတယ်လို့ အထောက်အထားမဲ့ ဆက်လက်ပြောဆိုနေပါတယ်။
အမေရိကန် သမ္မတရွေးချယ်ခန့်ထားရေးအဖွဲ့အနေနဲ့ ဒီဇင်ဘာ ၁၄ ရက်မှာ အစည်းဝေး လုပ်ဖို့ ရှိပြီး ဘိုင်ဒင်ကို သမ္မတအဖြစ် အတည်ပြုပါက ဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူး လက်ခံမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 months Ago