အိမ်ပြင်ထွက်သူ

May 4, 2020

ပိုးတွေ့လူနာနည်းလာသဖြင့် တောင်ကြီးတွင် အိမ်ပြင်ထွက်သူ ပိုမိုများလာ

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ လူနာနည်းလာတဲ့အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လူတွေ အိမ်ပြင်ထွက် သွားလာတာတွေ ပိုမိုများပြားလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေး အသိပညာတွေနည်းပါးပြီး ကျန်းမာရေး စစ်ဆေးပေးမှုကို လက်ခံမှုတွေလည်း အားနည်းနေပါတယ်လို့ တောင်ကြီး COVID-19 ထိန်းချုပ် ကာကွယ်ရေး စေတနာဝန်ထမ်း ကိုခိုင်မြင့်ထွန်းက ပြောပါတယ်။ ညမထွက်ရအမိန့်ထုတ်ထားပေမယ့် အိမ်ပြင်ထွက်သွားလာမှုတွေ ရှိနေဆဲဖြစ်ပြီး အရေးယူတဲ့ အပိုင်းတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရတယ်လို့ မြို့အဝင်ကျန်းမားရေးစစ်ဆေးဂိတ် တာဝန်ရှိတွေက ပြောပါတယ်။ တောင်ကြီးမြို့အဝင်ဂိတ်တွေမှာ စေတနာဝန်ထမ်းတွေ လုံလောက်မှုမရှိသလို mask နဲ့ လက်အိတ် တွေလုံလောက်မှုမရှိဘူးလို့ ဟိုပုံး-တောင်ကြီး ကျန်းမာရေး စစ်ဆေးဂိတ် စေတနာ့ဝန်ထမ်း နန်းခင်ဆွေက ပြောပါတယ်။ အခုချိန်မှာ တရုတ်ပြည်က ပြန်လာမယ့် အလုပ်သမားတွေနဲ့ သွားလာလှုပ်ရှားသူတွေနဲ့ ရောထွေးသွားမှာကို ကျန်းမာရေး စစ်ဆေးရေးဂိတ်တွေက စိုးရိမ်နေကြပါတယ်။ တောင်ကြီးမြို့ကို ရပ်ဝေးက လာရောက်သူတွေအတွက် ၂၁ ရက် quarantine နေဖို့ တောင်ကြီးမြို့နယ်ထွေအုပ်က အမိန့်စာထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့်ကို မလိုက်နာသူ အယောက် ၃၀ ကိုလည်း အရေးယူထားပြီဖြစ်ပါတယ်။ ခွန်ရာဇာ
1 year Ago

March 27, 2020

ထိုင်ဝမ်တွင် အိမ်ပြင်ထွက်သူ ဒေါ်လာ ၁ သန်း ဒဏ်ငွေ ပေးဆောင်ရမည်

ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပြီး အစိုးရ သတ်မှတ်ထားတဲ့အတိုင်း အိမ်ထဲမနေဘဲ အပြင်ထွက်တဲ့သူတွေကို ဒဏ်ငွေ ထိုင်ဝမ်ဒေါ်လာ ၁ သန်း (အမေရိကန်ဒေါ်လာ ၃၃,၀၅၁) ချမှတ်မယ်လို့ ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်မှာ ဗိုင်းရပ်စ်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် အစိုးရက ပြည်သူတွေကို နေအိမ်တွင်းမှာပဲ ၁၄ ရက် နေဖို့၊ အသွားအလာ ကန့်သတ်မှု လုပ်ထားတာဖြစ်ပြီး၊ ဒီဒဏ်ကြေးက အခြားဥပဒေချိုးဖောက်မှုတွေကို အရေးယူတဲ့ဒဏ်ကြေးတွေထက် ထူးထူးခြားခြား မြင့်မားနေပါတယ်။

ဒီကာလအတွင်း တောင်ယွမ်မြို့တခုထဲမှာ နေအိမ်တွင်း ၁၄ ရက် နေကြဖို့ အမိန့်ထုတ်ပြန်ခံထားရသူတွေဆီ မြို့ရဲ့ကျန်းမာရေးဌာနက ကရုဏာအိတ် "care bags” ခေါ် မျက်နှာဖုံးတွေ၊ အသင့်စားခေါက်ဆွဲတွေ၊ အွန်လိုင်းဂိမ်းနဲ့ ရုပ်ရှင်ဝန်ဆောင်မှုပတ်ကေ့ချ်တွေ၊ ဖျော်ဖြေရေးတွေနဲ့ နေထိုင်နေစဉ်မှာ စားဖို့ မုန့်ပဲသရေစာတွေကအစ အစုံထည့်ပေးထားတဲ့ အိတ်ပေါင်း ၁ သောင်းကျော်ကို မြို့ခံတွေဆီ ဖြန့်ဝေပေးနေပါတယ်။ နေအိမ်မှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို တနေ့ အသုံးစရိတ် ထိုင်ဝမ်ဒေါ်လာ ၁ ထောင် (အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၁၈ ) ပေးထားတယ်လို့ ဆိုပါတယ်။ ထိုင်ဝမ်ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားတဲ့ တရုတ်ပြည်နဲ့ ကပ်လျက်တည်ရှိနေပြီး၊ စီးပွားရေးအရလည်း အလွန်နီးကပ်စွာ ဆက်ဆံနေတာပါ။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က သတိထား တင်းကျပ်တာတွေကြောင့် မတ် ၂၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၆၇ ဦးသာ ရှိပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ ထိုင်ဝမ်မှာ လက်ရှိနေအိမ်တွေမှာပဲ အပြင်မထွက်ဖို့ အသွားအလာ ကန့်သတ်ခံထားရသူ ရှစ်သောင်းခြောက်ထောင်ကျော်ရှိနေပြီး ဒီထဲမှာ ကျွန်းပေါ်မှာ မနေချင်လို့ ဟိုတယ်တွေမှာ သွားနေသူတွေလည်း ပါပါတယ်။ အစိုးရဟာ အသွားအလာ ကန့်သတ်မှုတွေကို တင်းကျပ်စွာ ချမှတ်ထားတဲ့အပြင် သတ်မှတ်ချက် ချိုးဖောက်သူတွေကိုလည်း နာမည်ဖော်ထုတ် ကြေညာပြီး အရှက်ခွဲမယ်လို့ ခြိမ်းခြောက်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up