အိမ်ထောင်စု ၅၄၀၀၀

February 24, 2020

ငပုတောတွင် စွမ်းအားမြှင့်မီးဖိုများ အိမ်ထောင်စု ၅၄၀၀၀ အတွက် အခမဲ့ပေးဝေမည်

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ အိမ်ထောင်စု ၅၄၀၀၀ အတွက် ပထမအကြိမ် စွမ်းအားမြှင့် မီးဖိုအလုံးရေ ၂၇၀၀၀ ကို ဖေဖော်ဝါရီလမကုန်ခင် အခမဲ့ပေးဝေသွားမယ်လို့ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ဧရာဝတီတိုင်းမှာ စွမ်းအားမြှင့်မီးဖို အခမဲ့ဖြန့်ဝေတာတွေကို စိုက်ပျိုးရေးဦးစီးဌာန၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KOICA) နဲ့ ကိုရီးယားသမ္မတနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့  ပူးပေါင်းပြီး အခမဲ့ပေးဝေတာ ဖြစ်ပါတယ်။ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိန်သန်းက “လောင်စာဖြစ်တဲ့ ထင်းကို လျှော့ချနိုင်ဖို့နဲ့ ထင်းလျှော့ချသုံးစွဲနိုင်တဲ့အခါ သစ်တော ပြုန်းတီးတာတွေကိုလည်း လျှော့ချသွားနိုင်မယ်၊ နောက်တခုက လောင်စာကို လျှော့ချသုံးတဲ့အတွက် ကာဗွန် ထုတ်လုပ်တာတွေကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်နဲ့ လျှပ်စစ်မီး မရရှိတဲ့ ဒေသက ထင်းမီးဖို သုံးစွဲတဲ့ အိမ်ထောင်စုတွေကို အဓိကထား ပေးဝေသွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ငပုတောမြို့နယ်အတွင်း ပထမအကြိမ် စွမ်းအားမြှင့်မီးဖို အခမဲ့ ပေးဝေတာကို ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းက စတင်ပြုလုပ်ခဲ့ရာမှာ မီးဖိုဖြန့်ဝေပေးဖို့ စီစဉ်ထားတဲ့ ကျေးရွာအုပ်စု ၂၇ အုပ်စုထဲက ကျေးရွာအုပ်စု ၁၈ အုပ်စုရှိ အိမ်ထောင်စုပေါင်း ၆၀၀ အတွက် မီးဖိုတွေ အခမဲ့ ပေးအပ်ခဲ့ပြီး မီးဖိုသုံးစွဲပုံနည်းစနစ်နဲ့ အကျိုးရှိပုံကို တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။ အုန်းပင်ကျေးရွာနေ ဒေါ်ဖြူအေးက “မသုံးဖူးသေးတော့ စမ်းသုံးရမှာပဲ၊ မီးဖိုက ထင်းကုန်တာ သက်သာတယ်၊ မီးခိုးမထွက်ဘူးဆိုတော့ ကလေးရော လူကြီးအတွက်ပါ ကျန်းမာရေးအတွက်ရော ငွေကြေးကုန်တာပါ တဝက်လောက် သက်သာတာမို့ အသုံးပြုဖို့အတွက် စိတ်ဝင်စားပါတယ်၊ ခုလို့ ထင်းသုံးနေတဲ့ ဒေသတွေမှာ ဒီလိုမျိုးမီးဖိုတွေ များများပေးနိုင်ရင် ပိုကောင်းမှာပါ”လို့ ပြောပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ ပေးဝေနေတဲ့ စွမ်းအားမြှင့်မီးဖိုတွေကို ကိုရီးယား နည်းပညာနဲ့ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းကျေးရွာမှာ ပြုလုပ်ပြီး ကားတွေနဲ့ ငပုတောကို တင်ပို့တာပါ။ မီးဖိုအလုံးပေါင်း ၂၀၀၀၀ ကျော် လက်ရှိအချိန်ထိရ ရှိထားပြီး ဟိုင်းကြီးမြို့အတွက် အလုံး ၇၀၀၀ ပေးဝေသွားဖို့ စီစဉ်ထားတယ်လို့ ငပုတောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ရှိသူက ဆိုပါတယ်။ ဧရာဝတီတိုင်းအတွင်း စွမ်းအားမြှင့်မီးဖို အခမဲ့ ပေးဝေတာတွေကို ၂၀၁၈ ခုနှစ်မှ စတင်ကာ ဧရာဝတီတိုင်း လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးဆောင်ပြီး အလုံးရေ ၅ သိန်းကို ဖြန့်ဝေခဲ့ပါတယ်။ မင်းထက်မုန်း(ပုသိမ်)
2 years Ago
Up