အိမ်ထောင်စုပေါင်း  ၆ ဒသ ၁ သန်း

November 16, 2020

အိမ်ထောင်စုပေါင်း  ၆ ဒသ ၁ သန်းအတွက် အစိုးရက ကျပ် ၁၆၄ ဘီလီယံ ထောက်ပံ့ 

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား၊ ဝင်ငွေနည်းပြည်သူတွေအတွက် အစိုးရရဲ့ စတုတ္ထအကြိမ်မြောက် ထောက်ပံ့မှုမှာ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းလောက်အတွက် ကျပ်ငွေ ၁၆၄ ဘီလီယံအသုံးပြုသွားမယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် အလုပ်အကိုင်ဝင်ငွေထိခိုက်နေရတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရရဲ့ ထောက်ပံ့မှုကို အခုနှစ် ဧပြီလကနေ စတင်ပေးအပ်လာခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ဆိုရင် ၄ ကြိမ်မြောက်အဖြစ် ထောက်ပံ့ပေးနေတာပါ။ ဒီလို ထောက်ပံ့ရာမှာ Stay at Home ဒေသနဲ့ Stay at Home ပြင်ပ ထောက်ပံ့မှုဆိုပြီး နှစ်မျိုးခွဲထားတယ်လို့လည်း ဆိုပါတယ်။ “Stay at Home နယ်မြေဒေသတွေဆိုရင် ကျပ် လေးသောင်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း ၂ ဒသမ ၁ သန်းခန့်ဖြစ်ပြီး Stay at Home ပြင်ပ နယ်မြေဒေသတွေဆိုရင် ကျပ်နှစ်သောင်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း လေးသန်းခန့် ဖြစ်ပါတယ်” လို့ ဦးဇော်ဌေး က ပြောပါတယ်။ သတင်းအချက်အလက်ပြည့်ပြည့်စုံစုံမရရှိမှု၊ စာရင်းကောက်ယူရာမှာ မပြည့်စုံမှုတွေကြောင့် အိမ်ထောင်စုတစ်စုစီတိုင်းကို ကျပ် ၄၀,၀၀၀ ပေးမယ်ဆိုတဲ့ ကောလာဟာလ တွေ ပြန့်နှံ့လာခဲ့တာဖြစ်ပြီး မူလစာရင်းမှာ မပါသူတွေကလည်း ထောက်ပံ့ကြေးရယူဖို့အတွက် တောင်းဆိုလာတာတွေစတဲ့ ပြည်သူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအကြားနားလည်မှု လွဲမှားတာတွေ ဒေသတချို့မှာ ဖြစ်ပေါ်လာရတယ်လို့လည်း ဆိုပါတယ်။ ဒီလိုမပြေလည်မှုတွေနဲ့ ပတ်သက်လို့ဖြေရှင်းရေး ဌာနတွေ ဖွင့်လှစ်ဖို့အပါအဝင် ဖြေရှင်းရမယ့်နည်းလမ်းတွေကို ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ “မြို့နယ်အဆင့်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးတာတွေကို ခရိုင်အဆင့်က အနီးကပ် ကြီးကြပ်ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အသီးသီးကို အချိန်နဲ့တပြေးညီတင်ပြဖို့၊ ညှိနှိုင်းဆောင်ရွက် ပေးနေတဲ့ အခြေအနေတွေကို သက်ဆိုင်ရာနယ်မြေဒေသအလိုက် သတင်းထုတ်ပြန်ရှင်းလင်းခြင်းတွေ ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို ညွှန်ကြားထားကြောင်း သိရှိရပါတယ်” လို့  ဦးဇော်ဌေးက ပြောပါတယ်။ ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရ ထောက်ပံ့မှုအနေနဲ့ ဧပြီလနဲ့ ဇွန်လအတွင်း အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းလောက်ကို  ကျပ် ငွေ ၇၂  ဘီလီယံဖိုး အကူအညီတွေပေးခဲ့ပါတယ်။ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာတော့ ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းအတွက် ကျပ် ၂၁၈ ဒသမ ၃ ဘီလီယံ၊ တတိယအကြိမ်အဖြစ် စက်တင်ဘာလအတွင်း အိမ်ထောင်စုပေါင်း ၅ဒသမ ၇ သန်းအတွက် ကျပ် ၁၁၃ ဒသမ ၉ ဘီလီယံ ကူညီထောက်ပံ့ခဲ့ပါတယ်။ အခုစတုတ္ထအကြိမ်မှာတော့ အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းလောက်အတွက်  ကျပ်ငွေ  ၁၆၄ ဘီလီယံ ထောက်ပံ့ပေးနေတာလို့  သမ္မတရုံးရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။  ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့  ကချင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့ရှိ   ရပ်ကျေးတွေမှာ  အစိုးရကပေးတဲ့ စတုတ္ထကြိမ် ထောက်ပံ့ငွေတွေ အပြည့်မရတဲ့ ဒေသခံတချို့က လူစုလူဝေးနဲ့ လာရောက်တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။ 
5 months Ago
Up