အိမ်ခြံမြေ သန်းကြွယ်သူဌေး

September 18, 2021

လူ ၃ ဦးသတ်မှုဖြင့် နယူးယော့ခ် သန်းကြွယ်သူဌေးကို ပြစ်ဒဏ်ချ

နှစ်ပေါင်း ၃၉ နှစ်အတွင်း လူ သုံးဦးကို သတ်မှုနဲ့ သံသယရှိတဲ့ နယူးယော့ခ် အိမ်ခြံမြေ အမွေခံသန်းကြွယ်သူဌေး Robert Durst ကို ကယ်လီဖိုးနီးယားတရားသူကြီးက စက်တင်ဘာ ၁၇ ရက်မှာ လူသတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ 

အသက် ၇၈ နှစ်အရွယ် Robert Durst ဟာ လွတ်ငြိမ်းခွင့်မရှိ ထောင်ဒဏ်တစ်သက်ကျခံ ရနိုင်ပြီး တရားခွင်ကို ကြီးကြပ်တဲ့ အထက်ရုံးတော်တရားသူကြီး Mark Windham က ထောင်ဒဏ်ချမယ့်ရက်ကို သတ်မှတ်မှာဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့အနှစ် ၂၀ က  သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Susan Berman ကို သတ်မှုနဲ့ ပထမဆုံး လူသတ်မှုစွဲချက်ကို ရင်ဆိုင်ခဲ့ရပြီး အဲ့ဒီကနေ သူ့ရဲ့ဇနီးဖြစ်သူနဲ့ အိမ်နီးချင်းဖြစ်သူတို့ကို သတ်ဖြတ်အလောင်းဖျောက်ဖျက်မှုတွေပါ ဖော်ထုတ်တွေ့ရှိခဲ့တာပါ။ 

၂၀၀၀ ခုနှစ် ဒီဇင်ဘာလက သန်းကြွယ်သူဌေး ဒါ့စ်ထ်ရဲ့ အရင်းနှီးဆုံး ဆူဆန်ဘားမင်းဟာ  သူ့ရဲ့လော့စ်အိန်ဂျလိစ်နေအိမ်မှာ နောက်ဘက်ကနေ ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရတာပါ။

 ဆူဆန်ဘားမင်းဟာ ၁၉၈၂ ခုနှစ်တုန်းရဲ့ Robert Durst ရဲ့ဇနီးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဆေးကျောင်းသူ Kathie Durst အသတ်ခံရမှုမှာ အမှုကို ဖုံးကွယ်ပေးပြီး ရောဘတ်ဒါ့စ်ထ်အတွက် အလီဘိုင် အထောက်အထားအတုကို ကူညီပေးခဲ့ဖူးကြောင်း ရဲဌာနကို ဖွင့်ပြောဖို့ ပြင်ဆင်နေချိန်မှာ အသတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

၂၀၀၁ ခုနှစ်မှာတော့ တက္ကဆက်ပြည်နယ်၊ Galveston ရှိ ရောဘတ်ဒါ့စ်ထ်ရဲ့အိမ်နီးချင်း Morris Black ကို သတ်ဖြတ်ပြီး၊ အလောင်းကို လှီးဖြတ်စွန့်ပစ်ခဲ့တဲ့အမှုလည်း ထပ်ပေါ်လာတာပါ။ 

တရားခံရှေ့နေတွေကတော့ ဒါ့စ်ထ်ကို အားနည်းတဲ့ ဘီးတပ်ကုလားထိုင်ပေါ်က ကင်ဆာရောဂါသည်ဆိုပြီး ပုံဖော်ခဲ့ပါတယ်။

 ဒါ့စ်ထ်ဟာ HBO ရုပ်မြင်သံကြားမှတ်တမ်းဇာတ်လမ်းတွဲ "The Jinx" မှာ ပါဝင်ပြီး သူ့ရဲ့ဝန်ခံချက်ကို ထုတ်ဖော်ပြောဆိုပြီး ၂၀၁၅ ခုနှစ်မှာတော့ နယူးအော်လင်းက ဟိုတယ်တခုမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ 

2 years Ago
Up