အိမ်ခြေ၈၀ကျော်

March 28, 2021

မန္တလေးက မီးဘေးသင့် အိမ်ခြေ ၈၀ ကျော် အကူအညီလိုအပ်နေ

မန္တလေးမြို့မှာ မတ်လ ၂၈ ရက် မနက် ၁ နာရီခွဲလောက်က ပြည်ကြီးတံခွန်မြို့နယ် ညည ၂၅ နဲ့ ၂၆ ရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အိမ်ခြေ ၈၀ ကျော် မီးဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုဟာ မနက်အစောပိုင်း တစ်နာရီခွဲလောက် လူမနေတဲ့ နေအိမ်တစ်လုံးကို ဆိုင်ကယ်စီးသူတစ်ဦး လာရောက်ပြီး မီးကွင်းပစ်ရာကနေ စတင်လောင်ကျွမ်း ကူးစက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

မီးလောင်မှုကို ငြှိမ်းသတ်ဖို့ လာရောက်မယ့် မီးသတ်ကားတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း စစ်တပ်နဲ့ ရဲက ပစ်ခတ်တားမြစ်ခဲ့တာကြောင့် အချိန်မီ မငြှိမ်းသတ်နိုင်ခဲ့ရဘူးလို့ သိရပါတယ်။

အဲဒီနေရာဟာ ကျူးကျော်နေထိုင်သူတွေ အများစုဖြစ်ပြီး လူနေအိမ်ထူထပ်တာကြောင့် မီးကူးစက်မှု ပိုမိုများပြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရုတ်တရတ် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်ကို စွန့်ခွာထွက်ပြေးကြရတဲ့အတွက် အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ကြရပြီး အဝတ်အစားကအစ အခက်အခဲ ရှိနေကြတယ်လို့ မီးဘေးသင့် ပြည်သူတဦးက ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် လူဦးရေ ငါးရာခန့် မီးဘေးသင့်ခဲ့တာဖြစ်ပြီး လတ်တလောအနေနဲ့ အိမ်ရာ ပြန်လည်ဆောက်လုပ်ဖို့တောင် အခက်အခဲဖြစ်နေကြတယ်လို့ မီးဘေးသင့်သူတွေက ပြောပါတယ်။

မီးဘေးသင့်ပြည်သူတွေအတွက် ရပ်ကွက်အတွင်းက သာသနဝေပုလ ဒီပါဧမြ ဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။ 

လတ်တလောမှာတော့ မန္တလေးမြို့ခံ တချို့က အစားအသောက်နဲ့ အဝတ်အစားတွေကို တတ်နိုင်သမျှ ကူညီနေကြပြီး အကူအညီလိုအပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

1 month Ago
Up