အန်ဖီးလ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းကိုအနိုင်ရရှိခဲ့ပြီးနောက် လီဗာပူးအသင်းဟာ သူတို့ရဲ့လိဂ်ပွဲမှာ အိမ်ကွင်းရှုံးပွဲမရှိတဲ့စံချိန်ကို လိုက်မီသွားခဲ့ပြီဖြစ်ပါတယ်။
ဒီပွဲမှာ လီဗာပူးလ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။ ပါဘလို ဖော်နယ်လ်က ဝက်စ်ဟမ်းအသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူခဲ့တာဖြစ်ပြီး ပထမပိုင်း မပြီးခင်မှာတင် မိုဟာမက်ဆာလက်က ပင်နယ်တီကနေ လီဗာပူးလ်အတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ လူ စားဝင်လာတဲ့ ဒီယာဂို ဂျိုတာက အသင်းအတွက်အနိုင်ဂိုးကို ပွဲချိန် ၈၅ မိနစ်မှာသွင်းယူပေးခဲ့တာပါ။
ဒီပွဲအနိုင်ရလဒ်ကြောင့် လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲမရှိစံချိန်ဟာ ၆၃ ပွဲအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီ ၆၃ ပွဲမှာ ၅၂ ပွဲအနိုင်ရပြီးတော့ ၁၁ ပွဲသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ နောက်ဆုံးအိမ်ကွင်းရှုံးပွဲကို ဧပြီ ၂၀၁၇ မှာ ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုတကြိမ် ၆၃ ပွဲရှုံးပွဲမရှိစံချိန်ဟာ အသင်းရဲ့စံချိန်ဟောင်းနဲ့တူညီသွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ၁၉၈၀ ဒီဇင်ဘာလမှာ စံချိန်ဟောင်းကို ရရှိခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲအများဆုံး မရှိတဲ့ စံချိန်ကို တင်ထားတာဖြစ်ပြီး ၈၆ ပွဲ ရှုံးပွဲမရှိခဲ့ပါဘူး။
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းဟာာ အခုနှစ်ဘောလုံးရာသီအစပိုင်းမှာ အခက်အခဲတချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဝက်စ်ဟမ်းကိုအနိုင်ရရှိခဲ့ပြီးမှာ အမှတ်ပေးဇယားရဲ့ နံပါတ် ၁ နေရာကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
အဓိကကစားသမားတွေဖြစ်တဲ့ မာတစ်၊ ဖာဘင်ဟိုနဲ့ ဗန်ဒိုက်တို့အပြင်ဂိုးသမား အလီဆန်ပါဒဏ်ရာပြဿနာတွေ ရှိခဲ့တာကြောင့် ကလော့ပ်ရဲ့အသင်းဟာ ပုံမှန်ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာ တွေ့ရပြီး ဗန်ဒိုက်နဲ့ မာတစ်တို့မရှိတဲ့ နောက်တန်းကို နက်ဖီးလစ်က အကောင်းဆုံးအားဖြည့်ကစားသွားနိုင်ခဲ့တာကိုလည်း ဝက်စ်ဟမ်းနဲ့ပွဲမှာမြင်တွေ့ခဲ့ရပါတယ်။
လီဗာပူးအသင်းဟာ ၂၀၂၀-၂၁ ဘောလုံးရာသီပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ အနိုင်ရရှိထားပေမယ့် ၁၅ ဂိုးအထိ ပေးဂိုးတွေခွင့်ပြုထားရပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ ၂၃ ဂိုးသား ပေးခဲ့ရတာဖြစ်ပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲမှာ အနိုင်ဂိုးကိုသွင်းယူခဲ့တဲ့ ဂျိုတာဟာလည်း လူးဝစ္စဂါစီယာပြီးနောက် လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်ပထမ ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
4 months Ago