အိမ်ခြံမြေပြဿနာ

April 28, 2019

အိမ်ခြံမြေပြဿနာ

အိမ်ခြံမြေပြဿနာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာတာတွေနဲ့ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်လွင်မာဦးကို ဒီဗွီဘီသတင်းထောက် နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး။ ကျနော်တို့က မြေကွက်အပေါ်မှာ ဆိုင်ခန်းတွဲကို အခန်းပျောက် ၀ယ်ထားသူတွေပါ။ ၀ယ်ထားတာ ဆယ်နှစ်ကျော်ပါပြီ။ နောက်ပိုင်းမှာ လက်ရှိကောက်ခံနေတဲ့ မြေလခကို တိုးမယ်ဆိုတဲ့အတွက် မူလမြေငှား နှုန်းထားအတိုင်းပေးတာကို မြေရှင်က မယူတော့ပါဘူး။ စာတိုက်ကတဆင့်ပို့လည်း လက်မခံတဲ့အတွက် ငွေပြန်ရောက်လာပါတယ်။ သက်ဆိုင်ရာ ရပ်ကွက်ရုံးမှာ ညှိတော့လည်း အဆင်မပြေပါဘူး။ ကျနော်တို့ အပျောက်ဝယ်ထားတဲ့ ဆိုင်ခန်းပိုင်ရှင်တွေမှာ ဘယ်လိုအခွင့်အရေးရှိသလဲ၊ မြေရှင်မှာ ဘယ်လို အခွင့်အရေးရှိ သလဲဆိုတာကို သိလိုပါတယ်။ ဖြေ။ အပျောက်စနစ်နဲ့ ဝယ်ယူထားတဲ့သူဟာ  အခန်းနဲ့ပတ်သက်ပြီးတော့ လွတ်လပ်စွာ ပေါင်နှံခွင့်၊ ရောင်းချ၊ ငှား ရမ်းခွင့်ရှိပါတယ်။ မြေလခလို့ ခေါ်တဲ့ အိမ်ငှားခကို ပေးရပါတယ်။ ပေးတယ်ဆိုတဲ့အပိုင်းက မြေရှင်နဲ့ အပျောက် စနစ်နဲ့ဝယ်ယူထားတဲ့ အိမ်ခန်းပိုင်ရှင်က မူလချုပ်ဆိုထားတဲ့ ပဋိညာဉ်ပါ စာချုပ်အတိုင်း ဒီလခတွေကို ပေးရပါမယ်။  အပျောက်စနစ်ကတော့ ရိုးရိုးငှားရမ်းစရိတ်နဲ့တော့ မတူပါဘူး။ အခန်းရဲ့ နေပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကို ဝယ်ယူထားတဲ့သူ ဖြစ်တဲ့အတွက် မြေရှင်နဲ့ Agree လုပ်ထားတဲ့ အတိုင်းသာ မြေလခကို ပေးရမှာပါ။ စာတိုက်ကနေ တဆင့်ဖြစ်စေ ပေးလို့ရပါတယ်။ သူမယူဘူးဆိုရင် ရပ်ကွက်ရုံးကို သွားပေးလို့ရပါတယ်။ အဲဒီမှာလည်း မယူဘူးဆိုရင် မြို့နယ်ငှားရမ်းခ ကြီးကြပ်ရေးရုံးကို သွားပေးလို့ရပါတယ်။ မြေရှင်၊ အိမ်ရှင်က ၃ နှစ်အတွင်းမှ မထုတ်ဘူးဆိုရင် သူ့ရဲ့ဆုံးရှုံးမှုပေါ့။ သွားပေးတယ်ဆိုရင် မြေလခ၊ အိမ်လခရဲ့ တရားဝင်ဖြစ်ပါပြီ။   မေး။  ၁၉၇၈ ခုနှစ်မှာ မြေရှင် အိမ်ရှင်ကို ဖယ်ခိုင်းရာမှ အမှုဖြစ်ခဲ့တာကို တရားရုံးက အိမ်ရှင်ကို အနိုင်ဒီဂရီပေးခဲ့ပါတယ်။ အမှုရှုံးတဲ့မြေရှင်အနေနဲ့ မြေလခမယူတာ အနှစ် ၂၀ ရှိခဲ့ပါပြီ။ အနိုင်ဒီဂရီရထားတဲ့ အိမ်ရှင်တဦးတည်းသဘောနဲ့ အိမ်ဆောက်ခွင့်၊ အိမ်ရောင်းခွင့်ရှိပါသလား။ ဖြေ။ ဒီအသုံးအနှုန်းမှာကိုက မြေရှင်ရဲ့မြေပေါ်မှာ အိမ်ရှင်က ငှားပြီး အိမ်ဆောက်ပြီး နေထိုင်တယ်လို့ သဘောရပါတယ်။ ဒါကြောင့် မြေရှင် နဲ့ အိမ်ရှင်ဆိုတဲ့ အသုံးအနှုန်း သုံးထားတယ်လို့ ယူဆရပါတယ်။ တရားရုံးကလည်း မြေငှားသူကို အနိုင်ဒီကရီ ချပြီးပါပြီ။ အနိုင်ဒီကရီက မြေပေါ်ကနေ ဖယ်ရှားပေးရန် မလိုခြင်းသာ ဖြစ်ပါတယ်။ မြေရှင်ရဲ့ မြေကို ပိုင်ပါတယ်လို့ ချပေးတာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်တော့မှလည်း မြေပိုင်ရှင်ဖြစ်လာမှာ မဟုတ်ပါဘူး။ အနိုင်ဒီကရီကို အခြေပြုပြီးတော့လည်း မြေရှင်ထံကနေ ဆန့်ကျင်ပိုင်ဆိုင်သူ ဘယ်တော့မှ ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ၁၉၆၀ ခုနှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေအရ မြေရှင်နဲ့ အိမ်ရှင် (ခေါ်) မြေငှားဟာ ဥပဒေအရ မြေငှားပဲ ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။ မြေရှင်က မြေလခ အနှစ် ၂၀ မယူရုံနဲ့ မြေငှားအဖြစ်ကနေ ရပ်စဲသွားခြင်းမရှိပါဘူး။ ဒါကြောင့် အိမ်ရှင် (ခေါ်) မြေငှားက သူကိုယ်တိုင် ဆောက်လုပ်ထားရင် ဒီအိမ်ကို အိမ်သက်သက် ငှားရမ်းခွင့်၊ ရောင်းချခွင့်၊ ဖျက်ဆီးပြီး သူဘာသူ ယူသွားခွင့်ရှိပါတယ်။ မြေရှင်ကတော့ မြေပိုင်ရှင်အနေနဲ့ပဲရှိမှာပါ။ မေး။ ကျမခြံထဲကို နဘေးချင်းကပ်ရပ်ခြံက သရက်ပင်အကိုင်းတွေကြောင့် အမှိုက်ကျတဲ့အပြင် မိုးလေပြင်းရင် ကျိုးပဲ့တာတွေလည်း ဖြစ်လေ့ရှိပါတယ်။ ခြံစည်းရိုးကိစ္စနဲ့လည်း မကြာခဏ စကားများလေ့ရှိတဲ့အတွက် ဖက်ပြိုင်ပြီး မပြောချင်ပါဘူး။ ကျမတို့ခြံထဲ ရောက်နေတဲ့ သစ်ကိုင်းကို ကိုယ့်ဖာသာကိုယ်ခုတ်ရင် ဥပဒေနဲ့ ငြိစွန်းနိုင်ပါသလား။ ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးစေချင်ပါတယ်။ ဖြေ။ သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ ခုတ်ခွင့်မရှိပါဘူး။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၂၉၊ ၄၂၇ အရ စွဲလို့ရပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၄၂၆ ဆိုရင် ထောင်ဒဏ် ၃ လနဲ့ ပြစ်ဒဏ်နှစ်ရပ်စလုံး ကျရောက်နိုင်ပါတယ်။ ရာဇသတ်ကြီး ၄၂၇ ဆိုရင် ၂ နှစ်နဲ့ ပြစ်ဒဏ် နှစ်ရပ်လုံးကျရောက်နိုင်ပါတယ်။ သစ်ပင်ပိုင်ရှင်သဘောမတူဘဲနဲ့ မခုတ်ပါနဲ့။  သစ်ပင်ပိုင်ရှင်နဲ့ ညှိနှိုင်းပြီးလည်း ခုတ်နိုင်ပါတယ်။ ဒိလိုမှမဟုတ်ဘဲ သူနဲ့ညှိနှိုင်းလိုလည်းမရရင် ကိုယ်အိမ်ဘက်မှာလည်း သစ်ကိုင်းတွေက အရမ်းနောင့်အယှက်ဖြစ်နေတယ်၊ ဥပမာ မှန်တွေကွဲ၊ ခေါင်မိုးတွေပေါက် စတဲ့နစ်နာ ဆုံးရှုံးတာတွေ ဖြစ်နေတယ်ဆိုရင် ရာဇဝတ်ကြောင်းအရ၊ ရာဇသတ်ကြီးပုဒ်မ ၄၂၆ / ၄၂၇ အရ သစ်ပင်ပိုင်ရှင်ကို တရားစွဲလို့ရပါတယ်။ တရားမကြောင်းအရ နစ်နာဆုံးရှုံးမှုအပေါ်မှာလည်း သစ်ပင်ပိုင်ရှင်ကို တရားမနစ်နာမှုစွဲလို့ရပါတယ်။ အကောင်းဆုံးကတော့ ညှိနှိုင်းပြီးလုပ်ကြပါလို့ အကြံပေးချင်ပါတယ်။ မေး။ ဇနီးကွယ်လွန်ပြီးနောက်နှစ်နှစ်အကြာမှာ နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ စားဝတ်နေရေး အဆင်မပြေတဲ့အတွက် ပထမအိမ်ထောင်က ကျန်ခဲ့တဲ့ မြေကွက်ကို ရောင်းဖို့စီစဉ်တော့ သားသမီးတွေက ကန့်ကွက်နေလို့ အခက်အခဲဖြစ်နေပါတယ်။ အဖေတယောက်အနေနဲ့ ရောင်းပိုင်ခွင့် ရှိမရှိ သိလိုပါတယ်။ ဖြေ။ မေးခွန်းမှာ ဘာမှပြောမထားတော့ ဗုဒ္ဓဘာသာအနေနဲ့ပဲ ဖြေပါမယ်။ ဗုဒ္ဓဘာသာဝင် လင်မယားနစ်ဦးမှာ လက်ထက်ပွားပစ္စည်းကို တယောက်တ၀က်စီ ပိုင်ဆိုင်ပါတယ်။ အဲဒီတော့ ပထမဇနီးကွယ်လွန်ရင် သူသားသမီးတွေရဲ့ အမွေအဖြစ်ပြန်ပြီး ရပ်တည်သွားပါတယ်။ ဒါကြောင့် ဖခင်က နောက်အိမ်ထောင်ပြုသည်ဖြစ်စေ စားဝတ်နေရေး အဆင်မပြေလို့ ဆိုပြီး ဒီပစ္စည်းတွေကို ရောင်းချလို့မရပါဘူး။ အမွေရှင်များအဖြစ် ရပ်တည်တဲ့ သားသမီးတွေ သဘောတူညီချက်ရှိမှသာ ရောင်းချခွင့်ရှိပါတယ်။ ဗုဒ္ဓဘာသာဝင် လင်မယားနစ်ဦး မြန်မာဓလေ့ထုံးတမ်းဥပဒေအရ တယောက်တ၀က်စီ ပိုင်ဆိုင်တဲ့အတွက်ကြောင့် သားသမီးတွေပေါ်မှာ အမွေပစ္စည်းအဖြစ် ပြောင်းလဲသွားတဲ့အတွက်ကြောင့်ပါ။ ဦးတောက်တဲ့နှင့်မအုပ် ၁၉၃၉ (BLR) စာတိုင်အမှတ် ၂၁၇ စီရင်ထုံးမှာ လင် (သို) မယားသေဆုံးလျှင် သြရသ သားသမီး ကျန်ရစ်ခဲ့လျှင်၊ ထို သြရသ သားသမီးကလည်း တယောက်တည်းဖြစ်လျှင်၊ လင်ကလည်း နောက်အိမ်ထောင်ပြုခဲ့လျှင်၊ ထိုလင်က မယားပိုင်ပစ္စည်းမှ တ၀က်သာ ရရှိကြောင်းဆိုပြီး ထုံးဖွဲ့ထားပါတယ်။ အဲဒီတော့ အမေ့ဝေစုကို သားသမီးတွေက ရမှာဖြစ်လို့ ဖခင်အနေနဲ့ ရောင်းချခွင့်မရှိပါဘူး။ နောက်ဥပဒေပညာရှင် ဆရာကြီး ဦးမြစိန် ရေးသားတဲ့ မြန်မာဓလေ့ထုံးတမ်းဥပဒေ သတ္တမအကြိမ် ပုံနှိပ်ခြင်း ၁၉၇၈ ခုနစ် မတ်လ အခန်း ၁၁၊ မုဆိုးဖို၊ မုတ်ဆိုးမများ အမွေဆက်ခံခြင်းဥပဒေမှာ တိတိကျကျရေးထားပါတယ်။ အကြံပေးချင်တာက အမွေဆိုင်များဖြစ်တဲ့ သားသမီးတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ရင် အဆင်ပြေမယ်ဆိုရင်တော့ ကောင်းပါတယ်လို့ ပြောချင်ပါတယ်။
2 years Ago
Up