ဗင်နီဇွဲလားနိုင်ငံမှာ အာဏာသိမ်းဖို့ အိမ်ဖြူတော်က ညွှန်ကြားတယ်ဆိုပြီး သမ္မတ နီကိုးလပ်စ် မာဒူရိုက မေလ ၁ ရက်နေ့မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။
ဧပြီ ၃၀ ရက်နေ့က အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို စောင့်ကြပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ သမ္မတ မာဒူရိုကို ထောက်ခံတဲ့ စစ်သားတွေအကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် မြို့တော် ကာရာကတ်စ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးကနေ အကြမ်းဖက်မှုအသွင် ပြောင်းခဲ့ပါတယ်။
မာဒူရိုဟာ ဆိုရှယ်လစ် ကျူးဘားနိုင်ငံကို ထွက်ခွာဖို့ အသင့်ရှိနေပြီး ရုရှားအစိုးရက မာဒူရို ထွက်ခွာမသွားဖို့ ဖျောင်းဖျနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောခဲ့ပါတယ်။
သမ္မတ မာဒူရိုက “ဗင်နီဇွဲလားမှာ အာဏာသိမ်းဖို့ ပြည်သူတွေဟာ သူတို့နဲ့ သဘောတူညီချက် ရထားတယ်ဆိုပြီး အမေရိကန် တာဝန်ရှိသူတွေက ပြောတယ်။ တကယ်တမ်း သူတို့ အရူးလုပ်ခံရတာဖြစ်တယ်” လို့ ထောက်ခံသူတွေကို ပြောလိုက်ပါတယ်။
ဒ့ါအပြင် မာဒူရိုက မနေ့က အာဏာသိမ်းမှုကို အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်လ်တန်က ညွှန်ကြားပြီး သူ့အနေနဲ့ အဲဒါကို ရှုတ်ချတယ်လို့လည်း ပြောပါတယ်။
2 years Ago