အိမ်ရှေ့ပိတ်ရပ်သည့်ကား

May 17, 2018

အိမ်ရှေ့ပိတ်ရပ်သည့်ကားကို ရဲတင်းဖြင့် ထုသူ အမှုနိုင်၊  လျော်ကြေး ဘတ် ၁ သန်းကျော်ရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့ ၃ လက မိမိအိမ်ရှေ့တံခါးဝမှာ လာပိတ်ရပ်ထားတဲ့ ကားတစီးကို အိမ်ရှင်အမျိုးသမီးကြီး ၂ ဦးက ဝိုင်းပြီး ရဲတင်းတွေ၊ ပေါက်ပြားတွေနဲ့ ထုရိုက်ဖျက်ဆီးခဲ့ပါတယ်။ ဘန်ကောက် ပရဝေ့ခ်ျနယ်မြေရှိ သူတို့အိမ်အနီးတဝိုက်မှာ လေဟာပြင်ဈေးတွေ ရှိတဲ့အတွက် အိမ်ရှေ့ကားတွေ လာရပ်ထားတာနဲ့ ပတ်သက်ပြီး အိမ်ရှင်နဲ့ ဈေးသူဈေးသားတို့ကြား နှစ်နဲ့ချီ ပြဿနာ ရှိနေတာပါ။ အိမ်ရှေ့ကားရပ်မိသူ အသက် ၃၅ နှစ်ရွယ်အမျိုးသမီးက တောင်းပန်ခဲ့ပေမယ့် သူ့ကားကို စိတ်လိုက်မာန်ပါဖျက်ဆီးခဲ့လို့  အဆိုပါအိမ်ရှင်ကို ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်ဘက်က ဒီပြဿနာရဲ့ ရင်းမြစ်ဟာ သူတို့အိမ်နားမှာ တရားမဝင် လဟာပြင်ဈေးတွေ လာဖွင့်ထားလို့ ဖြစ်ရတာဆိုပြီး တာဝန်ဝတ္တရား လျစ်လျူရှုမှုနဲ့ ဘန်ကောက်မြို့တော်ဝန်၊ ပရဝေ့ခ်ျနယ်မြေအုပ်ချုပ်ရေးမှူး၊ ဘန်ကောက်စည်ပင်သာယာရုံး၊ ပရဝဏ်မြူနီစီပယ်ရုံးတို့ကို အမှုဖွင့် တရားစွဲခဲ့ပါတယ်။ သူတို့အမှုကို ဘန်ကောက်ဗဟိုတရားရုံးက ၃ လကြာစစ်ဆေးခဲ့ပြီး မေ ၁၆ ရက်မှာတော့  အဆိုပါအိမ်အနီးတဝိုက်ရှိ လေဟာပြင်ဈေး ၅ ခုလုံးနဲ့ ဈေးအဆောက်အဦတွေကို ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် ဖျက်ဆီးဖယ်ရှားလိုက်ဖို့၊ နောက်နောင် မည်သူမျှ ဈေးရောင်းခွင့်မရှိ၊ ရက်ပေါင်း ၆၀ အတွင်း ဈေးဆိုင်တွေ မဖယ်ရှားသေးက တရားလိုအိမ်ရှင်က ကိုယ်တိုင်ဖျက်ပြီး ဖျက်ဆီးခ ကုန်ကျငွေကို စည်ပင်က အကုန်ကျခံဖို့ စီရင်ချက်ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် လူနေအိမ်ရပ်ကွက်အတွင်း ဈေးဆိုင်ဆောက်ခွင့်ပြုခဲ့တဲ့ နယ်မြေစည်ပင်သာယာရုံး၊ ဘန်ကောက်မြို့တော်စည်ပင်သာယာရုံး  ဥပဒေနဲ့မညီ ဈေးဆောက်တာကို မျက်ကွယ်ပြုထားတဲ့ ဘန်ကောက်မြို့တော်ဝန်၊ နယ်မြေမှူးတို့အနေနဲ့ ၇ နှစ်ကျော် ဆူညံညစ်ပတ်တဲ့ ဈေးပတ်ဝန်းကျင်မှာ စိတ်ညစ်ညူးစွာ နေထိုင်လာခဲ့ရသူ အိမ်ရှင်ကို နစ်နာကြေးအဖြစ် တဦး၊ တဌာနလျှင် ၃၆၈၄၀၀ ဘတ် (၄ ဦးပေါင်း  ဘတ် ၁ သန်းကျော်) အပြင် အတိုး တနှစ်ကို ၇ ဒဿမ ၅ ရာခိုင်နှုန်း ပေးလျော်ဖို့လည်း ချမှတ်ခဲ့ပါတယ်။ ဒီစီရင်ချက်ပေါ် တရားခံဖြစ်ရသူ မြို့တော်ဝန်ဘက်ကတော့ အထက်တရားရုံးကို အယူခံတင်မယ်လို့ ပြောသလို ဈေးသူဈေးသားတွေကလည်း မြို့တော်ဝန်ဘက်ကနေ ဝိုင်းရံမယ်လို့  ဆိုပါတယ်။ (ကိုးကား - ထိုင်းရတ်သတင်းစာ၊ နေးရှင်းထိုင်းတီဗွီသတင်း)
3 years Ago
Up