အိမ်ခေါင်မိုး

January 8, 2019

ထိုင်းဝန်ကြီးချုပ် ပရာယုဒ် မုန်တိုင်းဒဏ်သင့်အိမ်ခေါင်မိုး တက်ပြင် (ရုပ်သံ)

ထိုင်းတောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပါဘက်အပူပိုင်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မုန်တိုင်းဘေးသင့် ဒေသတွေကို သွားရောက်စစ်ဆေး ကြည့်ရှုပါတယ်။ ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားနဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ဇန်နဝါရီ ၇ ရက် ညနေပိုင်းက  မုန်တိုင်းဒဏ် အများဆုံးခံခဲ့ရတဲ့ နခွန်းဆီထမရတ်ခရိုင်ကို သွားရောက်ခဲ့ပြီး ပြည်သူတွေကို အားပေးစကား ပြောကြားခဲ့သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ စံပြအနေနဲ့ ဝန်ကြီးချုပ်ကိုယ်တိုင် နေအိမ် ၂ လုံးရဲ့ ခေါင်မိုးကို ပြင်ဆင်ပေးခဲ့ပါတယ်။ အဲဒီနေအိမ် ၂ လုံးဟာ နခွန်းဆီထမရတ်မြို့နယ် ပါနခွန်းကျေးရွာအုပ်စုထဲမှာရှိပြီး ဝန်ကြီးချုပ်က လှေခါးနဲ့ ခေါင်မိုးပေါ်တက်ကာ သွပ်အမိုးကို တူနဲ့ထုနှက် ပြင်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်က ပြည်သူတွေကို နည်းနည်းသည်းခံဖို့နဲ့ ဒီအခက်အခဲတွေကို ရအောင်ကျော်ဖြတ်သွားကြမယ်၊ အိုးအိမ်တွေကို တဖြည်းဖြည်း သန့်ရှင်းရေးလုပ်မယ်၊ စိတ်ဓာတ်မကျကြပါနဲ့၊ အစိုးရအနေနဲ့ စစ်တပ်၊ ရဲတပ်ဖွဲ့တွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး အခြေအနေ ပုံမှန်ပြန်ဖြစ်အောင် အမြန်ဆုံး ကူညီလုပ်ဆောင်နေတယ်လို့ အားပေးစကား ပြောကြားခဲ့ပါတယ်။ ခေါင်မိုးတက်ပြင်တဲ့ ဝန်ကြီးချုပ်ကို ပြည်သူတွေက ချန့်တူ (လက်သမားဦးကြီး) လို့ တင်စားခေါ်ဝေါ်နေကြပါတယ်။ အဲဒီနောက် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဟာ လဲမ်တလုမ်ဖွတ်အုပ်စုရှိ မုန်တိုင်းသင့်ပြည်သူတွေ ရွှေ့ပြောင်းခိုလှုံနေတဲ့ ပချားနုခေါ့ စာသင်ကျောင်းဆီ သွားရောက်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်၊ အခက်အခဲတွေ မေးမြန်းကာ ကူညီမှုတွေမရရင် အကြောင်းကြားရမယ့် နေရာတွေကို ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ အဲဒီစခန်းမှာလည်း သူ့လက်ရာ ထမင်းကြော်ပြခဲ့ပြီး ပြည်သူတွေနဲ့အတူ ထမင်းအတူစားပြီး ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၃ ရက်မှ ၅ ရက်နေ့အတွင်း ပါဘက်မုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ထိုင်းတောင်ပိုင်း ၁၈ ခရိုင်က ပြည်သူ ၇ သိန်းလောက် မုန်တိုင်းဒဏ်သင့်ခဲ့ရပါတယ်။
2 years Ago
Up