အိမ်ခေါင်မိုးအထပ်မှ ပြုတ်ကျသေဆုံး

February 24, 2018

ကာမလာကမ်းခြေတွင် တရုတ်ခရီးသွားတဦး အိမ်ခေါင်မိုးအထပ်မှ ပြုတ်ကျသေဆုံး

ထိုင်းနိုင်ငံ၊ ဖူးခက်ကို အားလပ်ရက်ခရီးထွက်လာတဲ့ တရုတ်ခရီးသွားတဦး ကာမလာကမ်းခြေက ဇိမ်ခံအိမ်တလုံးပေါ်မှာ သူငယ်ချင်းတွေနဲ့ ပါတီပွဲတက်ရင်း ညနက်ပိုင်းမှာ အိမ်ခေါင်မိုးအထပ်ပေါ်က ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ ညဘက် ပါတီပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အသက် ၃၀ အရွယ် Gao Zhiyu ကို မတွေ့လို့ သူငယ်ချင်းတွေက လိုက်ရှာကြရာမှ အလောင်းကို တောင်ကုန်းပေါ်က အိမ်ရဲ့အောက် မြေပြင်ပေါ်မှာ တွေ့တယ်လို့ ဆိုပါတယ်။ ခေါင်မိုးအထပ်က မြေပြင်ကနေ မီတာ ၂၀ ခလောက် မြင့်တယ်လို့ သိရပါတယ်။ ကာမလာရဲအရာရှိတွေကို အခင်းဖြစ်တာနဲ့ပတ်သက်ပြီး နေ့လယ် ၁ နာရီမှ အကြောင်းကြားတယ်လို့ ဆိုပါတယ်။ တရုတ်အမျိုးသား Gao ဟာ အဲဒီဇိမ်ခံအိမ်မှာ အခြား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးတို့နဲ့အတူ နေခဲ့ပြီး အမျိုးသမီးတဦးကတော့ သူ့ရဲ့ချစ်သူဖြစ်တယ်လို့ ဖူးခက် တိုးရစ်ရဲဌာနရဲ့ ရဲအရာရှိ အက်ကာချိုင်စီရိက ပြောပါတယ်။ “မနက်အစောပိုင်း ၁ နာရီ ၄၀ မိနစ်မှာ သူငယ်ချင်းတွေအားလုံး အခန်းပြန်သွားချိန် Gao က အပြင်မှာ ကျန်ခဲ့ပြီး တယောက်တည်း ဆေးလိပ်သောက်နေတာ” လို့ ရဲအရာရှိက ပြောပါတယ်။ “Gao က သူ့အခန်းကို ပြန်ခဲ့လား၊ မပြန်ဘူးလားဆိုတာ ဘယ်သူမှ မသိဘူး။ သူ့ရဲ့ချစ်သူက နောက်နေ့မနက် နောက်ကျမှ နိုးလာပြီး သူ့ကို မတွေ့လို့ သူတို့သူငယ်ချင်းအားလုံး ရှာခဲ့ရာမှ နောက်ဆုံးမှာ Gao ရဲ့အလောင်းကို ရှာတွေ့တာ” လို့ ဆိုပါတယ်။ ရဲတွေက အမှုကို ဆက်လက်စုံစမ်းနေပေမယ့် Gao က ဆေးလိပ်သောက်ရင်း ဗီလာခေါင်းမိုးအထပ်က ပြုတ်ကျတာ၊ ဒါမှမဟုတ် ရေကန်ထဲ ခုန်ချရာမှာ နေရာလွဲပြီး မြေပြင်ပေါ် ပြုတ်ကျတာ ဖြစ်နိုင်တယ်လို့ ရဲတွေက ယူဆနေကြောင်း ကိုကိုးနက်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up