အိမ်အကူအမျိုးသမီးအား

March 3, 2018

အိမ်အကူအမျိုးသမီးအား အက်ဆစ်ဖြင့်ပက်သည့် အိမ်ရှင် ၂ ဦးကို အမှုဖွင့်

အိမ်အကူအမျိုးသမီးကို အက်ဆစ်နဲ့ ပက်ပြီး နှစ်အတော်ကြာ ပိတ်လှောင်ထားတဲ့  မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်က  အိမ်ရှင် ၂ ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားပါတယ်။ ဖြစ်စဉ်မှာ အသက်  ၂၅ နှစ်အရွယ် အိမ်အကူအမျိုးသမီးဟာ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်နေ ဒေါ်မိုးမိုးပိုင်ဆိုင်တဲ့ ကုန်စုံဆိုင်မှာ  ၁ လ ၁ သောင်းကျပ် နဲ့ ၂၀၀၈ ခုနှစ်ကစပြီး  စတင်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၉  သင်္ကြန်အကြိုနေ့မှာ  ဒေါ်မိုးမိုးချွေးမဖြစ်သူ မနီနီနုနွယ်ဟာ သူငယ်ချင်းတွေနဲ့ လည်ပတ်ခဲ့ပါတယ်။ အဲဒီထဲက အမျိုးသားတဦးက အိမ်အကူ မိန်းကလေးကို ချစ်ကြိုက်တယ်လို့ ပြောဆိုရာမှတဆင့် မနီနီနုနွယ်က ရိုင်းပျစွာဆက်ဆံလာခဲ့ကြောင်း အမျိုးသမီးရေးရာအဖွဲ့ရဲ့ တိုင်တန်းချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၀ သင်္ကြန်နှစ်ဆန်း ၁ ရက်မှာ အိမ်အကူ မိန်းကလေး ရေချိုးနေတုန်း မနီနီနုနွယ်က အက်ဆစ်နဲ့ လောင်းခဲ့တာကြောင့် မျက်နှာဘယ်ဘက်ခြမ်း ပျက်စီးပြီး ဘယ်ဘက်မျက်လုံး ကွယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ  အိမ်အကူအမျိုးသမီးကို တိုက်အတွင်း ၄ နှစ်လောက် ပိတ်လှောင်ခဲ့ပြီး အိမ်အလုပ်တွေ လုပ်ကိုင်ခိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီနောက်ဆုံးပတ်မှာတော့ အိမ်အကူအမျိုးသမီးဟာ ထွက်ပြေးလာပြီး အမျိုးသမီးရေးရာအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီးနောက် လူကုန်ကူးမှု တားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့ကို အကြောင်းကြား တိုင်တန်းခဲ့တာပါ။ အမှတ်​ ၁၁ လူကုန်​ကူးမှုတားဆီး​ရေးရဲတပ်​ဖွဲ့မှူး ရဲမှူးမျိုးဇင်က​ “ဖြစ်​စဉ်​က လွန်​ခဲ့တဲ့ ၁၀ ရက်​​လောက်​က​ပေါ့။ ည​နေပိုင်းမှာ မန္တ​လေးတိုင်း​ဒေသကြီး အမျိုးသမီး​ရေးရာအတွင်း​ရေးမှူး ​ဒေါ်သန္တာဖုန်းက​နေ ဖုန်းလှမ်းဆက်​တယ်​။ မြို့သစ်​က​ကောင်​မ​လေးတ​ယောက်​ ဒီလိုပဲ အက်​ဆစ်​နဲ့အပက်​ခံတယ်​လို့ အိမ်​ကထွက်​​ပြေးပြီး သူတို့ဆီ ​ရောက်​​နေတယ်​​။ အိမ်​ရှင်​က လိုက်​ရှာ​နေတယ်​ဆို​တော့ သူ့ရဲ့လုံခြုံမှုအတွက်​ ကျ​နော်​တို့ကိုလှမ်း​ခေါ်လို့ ကျ​နော်​တို့ သွားကြတယ်​။ ဟို​ရောက်​တဲ့အချိန်​မှာ ဒီက​လေးမ​လေးက စကားမ​ပြောနိုင်​ဘူး။ မ​ပြောနိုင်​တဲ့အတွက်​ အကြမ်းဖျင်း​လောက်​ပဲ ကျ​နော်​တို့သိရတယ်​။ သူ့မှာ​တော့ ဒီဒဏ်​ရာ​တွေက ဘယ်ဘက်​မျက်​လုံး ပျက်​​နေတာ​တွေ့ရတယ်​။ ဘယ်​ဘက်​တခြမ်းလုံးက​တော့ မီး​လောင်​ဒဏ်​ရာလို ဒဏ်​ရာမျိုး​တွေ​တွေ့ရတယ်။ တခြား​နေရာမှာ သွား​တွေ့ရတယ်။  ဒီက​လေးမ​လေးကို ခုချိန်​ထိ လုံခြုံတဲ့​နေရာမှာ ကျ​နော်​တို့ ထိန်းသိမ်းထားတယ်​” လို့​ ပြောပါတယ်။ အိမ်ရှင်အမျိုးသမီး ဒေါ်မိုးမိုးနဲ့ ချွေးမဖြစ်သူ နီနီနုနွယ်တို့ကို အောင်ပင်လယ်နယ် မြေရဲတပ်ဖွဲ့စခန်း မှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄/၃၂ အရ မတ် ၁ ရက်က  အမှုဖွင့် စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
3 years Ago

July 29, 2017

အိမ်အကူအမျိုးသမီးအား ရက် ၂၀ ကြာ တံခါးပိတ် အဓမ္မပြုကျင့်သူကို ဖမ်းမိပြီ

အိမ်ရှင်ရဲ့ နှိပ်စက်မှုခံရလို့ တရားရုံးကိုတိုင်တန်းပြီး သက်သေခံဖို့ မြစ်သားမြိုကနေ ရန်ကုန်ကိုလာတဲ့ အိမ်အကူ မနန်းမိုးမိုးအေးအား ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်ပြီး ရက် ၂၀ ကြာ သားမယားပြုကျင့်သူကို ဖမ်းဆီးရမိပြီလို့ ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်ရှိ ဒေါ်ခင်နန်းတင့်အိမ်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မနန်းမို့မို့အေးကို အိမ်ရှင်က နှိပ်စက်ညှဉ်းပန်းလို့ တိုင်တန်းခဲ့ပါတယ်။ တရားရုံးကို သက်သေခံဖို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းရောက်ရှိစဉ် သူ့ကို ခြိမ်းခြောက်ခေါ်ဆောင်ပြီး သားမယားပြုကျင့်ခဲ့တဲ့ ရဲထွဋ် (ခ) အောင်ဆန်းလင်း (ခ) ကုလားလေးအား အချိန်တိုအတွင်း  ဖမ်းဆီးရမိကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က သတင်းပြန်ထားတာပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၃ ရက်နေ့က မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်ရှိ ဒေါ်ခင်နန်းတင့်နေအိမ်မှာ  အိမ်အကူအဖြစ်လုပ်ကိုင်နေတဲ့ မနန်းမို့မို့အေး အသက် ၁၄ နှစ်နဲ့ မနှင်းဝေကျော်တို့ကို  အိမ်ရှင်က ရိုက်နှက် ညှဉ်းပန်းနှိပ်စက် သော့ခတ်လှောင်ပိတ်ထားခဲ့ပါတယ်။ ဒါ့အပြင် အိမ်ရှင် ဒေါ်ခင်နန်းတင့်ရဲ့ ခိုင်းစေမှုနဲ့ မနှင်းဝေကျော်ဟာ မနန်းမို့မို့အေးကို  ငရုပ်ကျည်ပွေ့ နဲ့ ထုလို့ အပေါ်သွားနဲ့ အောက်သွားတွေ ကျိုးပဲ့ခဲ့ပါတယ်။ ဒီဖြစ်စဉ်န့ပတ်သက်ပြီး မနန်းမို့မို့အေးရဲ့ အဖွားဖြစ်သူ ဒေါ်ခင်ဝင်းက တရားလိုလုပ် တိုင်ကြားချက်အရ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှာ (ပ)၈၂/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ ၃၂၅/၃၄၂/၁၁၄ နဲ့ အမှုဖွင့်ပြီး တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပါတယ်။ မနန်းမို့မို့အေးဟာ မန္တလေးတိုင်း မြစ်သားမြိုနယ်မှာ နေထိုင်သူဖြစ်ပြီး ဒီအမှုနဲ့ပတ်သက်ပြီး တရားရုံးသက်သေခံဖို့ အဖွားဖြစ်သူဒေါ်ခင်ဝင်း၊ တရပ်ကွက်တည်းနေ ဒေါ်ခင်အုန်းကြည်၊ မနှင်းဝေကျော်တို့နဲ့အတူ ဇူလိုင် ၄ ရက်နေ့ မနက် ၅ နာရီအချိန်မှာ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းကို ရောက်ရှိခဲ့ပါတယ်။ ခေတ္တနားနေစဉ် မနန်းမို့မို့အေးဟာ  ပျောက်ဆုံးသွားခဲ့တဲ့အတွက် အဖွားဖြစ်သူ လူပျောက်တိုင်ကြားခဲ့ရာ မင်္ဂလာဒုံမြို့မရဲစခန်း လူပျောက် အမှတ်စဉ်(၄၇/၂၀၁၇) နဲ့ စုံစမ်းဆောင်ရွက်ခဲ့ပါတယ်။ ဇူလိုင် ၂၆ ရက်နေ့မှာတော့ မနန်းမို့မို့အေးဟာ သူ့အဖွားနေတဲ့ မြစ်သားမြို့ကို ပြန်လည်ရောက်ရှိခဲ့ပြီး “ဇူလိုင်လ ၄ ရက်နေ့က အမှုသက်သေခံရန်အတွက် အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်ရှိပြီး ခေတ္တနားနေစဉ် ဇေကမ္ဘာဘုရားဝင်းအတွင်း သွားရောက်ခဲ့ရာ ရဲထွဋ်(ခ)ကုလားလေးနဲ့အမည်မသိ အသက် ၂၀ နှစ်အရွယ် လူငယ် ၂ ဦးတို့က သူ့ကို ခြိမ်းခြောက်ပြီး ရဲထွဋ်ငှားရမ်းနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်ရှိ အဆောင်တခုကို ခေါ်ဆောင်လာခဲ့ကြောင်း၊ ဒီနောက် ရဲထွဋ်က တံခါးပိတ်ထားပြီး သားမယားအဖြစ် ရက် ၂၀ လောက် ပြုကျင့်ခဲ့ကြောင်း အဖွားဖြစ်သူကို ပြောပြခဲ့တယ်။ ဇူလိုင် ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည်လိုက်ပါလာကာ သူကိုယ်တိုင် တရားလိုလုပ်ပြီး အရေးယူပေးဖို့ တိုင်တန်းခ့တဲ့အတွက မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၉၇၂/၂၀၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၇၆/၃၆၃/၁၁၄ နဲ့ အမှုဖွင့်ဆောင်ရွက်ခဲ့ပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲဝင်တွေနဲ့ မင်္ဂလာဒုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်လောက်မှာ  ပြစ်မှုကျူးလွန်သူ ရဲထွဋ်(ခ)အောင်ဆန်းလင်း(ခ)ကုလားလေးကို သူနေထိုင်ရာ မြသုခအဆောင်မှာ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ ပြစ်မှုကျူးလွန်သူ ရဲထွဋ်(ခ)အောင်ဆန်းလင်း(ခ)ကုလားလေးကို  ဆက်လက်စစ်ဆေး ဆောင်ရွက်နေပြီး တရားလိုကို အသေးစိတ် ထပ်မံစစ်ဆေးကာ ပြစ်မှုမှာ ပူးပေါင်းပါဝင် ကျူးလွန်သူတွေရှိပါက ဆက်လက်ဖမ်းဆီးအရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
4 years Ago
Up