အိမ်အကူ

A d v e r t i s e m e n t With Us

August 31, 2018

အိမ်အကူကို အဓမ္မပြုကျင့်သည်ဟု တိုင်ကြားခံရသူ ပြစ်မှုမကျူးလွန်၍ တရားရှင်လွှတ်

အဓမ္မပြုကျင့်မှုနဲ့ ကိုအောင်နိုင်ထွန်းကို အိမ်အကူအမျိုးသမီးဒေါ်ခင်မာညိုက တိုင်ကြားထားတဲ့အမှုမှာ ပြစ်မှုငြိစွန်းကြောင်း မတွေ့ရှိရလို့ စွဲချက်မတင်မီ အမှုကို တရားရှင် လွှတ်ပေးလိုက်တယ်လို့ ပဲခူးမြို့နယ်တရားသူကြီးက အမိန့်ချမှတ်လိုက်ပါတယ်။ သရုပ်ဆောင် သီဟတင်စိုးကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲတိုင်ကြားခဲ့တဲ့ အိမ်အကူအမျိုးသမီးဟာ အရင် ကိုအောင်နိုင်ထွန်းကို အလားတူအမှုနဲ့ တိုင်ကြားခဲ့တာကြောင့် ဩဂုတ် ၃၁ ရက်နေ့က ပဲခူးမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ တရားလို ဒေါ်ခင်မာညိုရဲ့ တိုင်ကြားမှုကို တရားလိုပြသက်သေ ဒေါက်တာဉာဏ်မင်းဦးရဲ့ ဆေးစစ်ချက်အရ ခန္ဓာကိုယ် ပြင်ပဒဏ်ရာ မတွေ့ရှိရသလို လတ်တလော ဒဏ်ရာမတွေ့ရှိရကြောင်း၊ တရားလိုကို စစ်ဆေးတဲ့အခါ ခန္ဓာကိုယ်အတွင်း သု တ်ပိုးလည်း မတွေ့ရှိရဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ကြောင်း တရားသူကြီးက ပြောပါတယ်။ ဒါ့အပြင် တရားလိုထွက်ဆိုချက်နဲ့ အလုပ်ရှင်ရဲ့ ထွက်ဆိုချက် ကွဲလွဲမှုရှိတာ၊ အလုပ်ရှင်ရဲ့ စီစီတီဗွီမှတ်တမ်းတွေ ပြန်ကြည့်တဲ့အခါ တရားလိုဟာ နေ့လယ် ၁ နာရီလောက်က ခြံဝင်းထဲမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို တွေ့ရတာကြောင့် တရားလိုရဲ့ ထွက်ဆိုချက်နဲ့ ကွဲလွဲနေတာအပြင် တရားလို အိပ်နေတဲ့နေရာဟာ အများပြည်သူ မြင်နိုင်တဲ့ နေရာဖြစ်တာကြောင့် တရားလိုရဲ့ ထွက်ဆိုချက်တွေ ကွဲလွဲနေတဲ့အပေါ် တရားသူကြီးက အမှုကို ရုပ်သိမ်းမိန့် ချမှတ်ခဲ့တာပါ။ ရေနံချောင်းမြို့နယ် သူဌေးကုန်းကျေးရွာမှာ နေထိုင်တဲ့ ဦးငွေမောင်းရဲ့ သမီးဖြစ်သူ ဒေါ်ခင်မာညိုဟာ ပဲခူးမြို့ ပန်းလှိုင် ၂၁ လမ်းမှာရှိတဲ့ ဦးမင်းမင်း၊ ဒေါ်ဝင်းမာမြင့်တို့အိမ်မှာ အိမ်အကူလုပ်နေချိန် အိမ်ရှင်ရဲ့လူယုံဖြစ်သူ အောင်နိုင်ထွန်း ၂၈ နှစ်က အဓမ္မပြုကျင့်ခဲ့တာဆိုပြီး ပဲခူးမြို့ အမှတ် ၃ ရဲစခန်းမှာ အမှုဖွင့်ထားတာပါ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အိမ်အကူအဖြစ် ဒေါ်ခင်မာညို အသက် ၄၀ နှစ်က စတင်အလုပ်လုပ်ခဲ့တာဖြစ်ပြီး အိမ်ရှင်တွေ ခရီးသွာနေတဲ့အချိန် မတ်လ ၁ ရက်နေ့က အိမ်ရှင်ပိုင်တဲ့ ဥဿာမြို့သစ် ၈ ရပ်ကွက်မှာရှိတဲ့ သကြားဂိုဒေါင်မှာ အောင်နိုင်ထွန်းက သားမယားပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ အောင်နိုင်ထွန်းကို မတ် ၃ ရက်နေ့မှာ အမှတ် ၃ နယ်မြေရဲစခန်းက စတင်ဖမ်းဆီးခဲ့တာပါ။ အိမ်အကူအမျိုးသမီးဟာ ရန်ကုန်မြို့မှာ နေထိုင်တဲ့ သရုပ်ဆောင် သီဟတင်စိုးကို တိုင်ကြားမှုမှာ ဒေါ်ခင်မာမြင့်အမည်နဲ့ တိုင်ကြားထားတာဖြစ်ပေမယ့် ပဲခူးမြို့မှာ ဖွင့်ထားတဲ့အမှုမှာတော့ ဒေါ်ခင်မာညိုနာမည်နဲ့ အမှုဖွင့်ထားတာပါ။ ပဲခူးမြို့ အမှတ် ၃ ရဲစခန်းက အောင်နိုင်ထွန်းကို ပ ၁၆၆/၂၀၁၈၊ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ထားပြီး အဲဒီအမှုကို ပဲခူးမြို့နယ် တရားသူကြီးရုံးမှာ အမှုစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
2 years Ago

April 17, 2018

အကာကွယ်မဲ့နေရတဲ့ အိမ်အကူတို့ဘဝ

ဘဝကို လက်ရှိအခြေအနေထက် သာချင်လို့ မိဝေးဖဝေးတနယ်ကျေးကို မျက်နှာငယ်ငယ်နဲ့ရောက်ခဲ့ ရတာ။ ရောက်စကတော့ အမေ့ကိုလွမ်းလို့ ညညမှာ တိတ်တဆိတ် ငိုခဲ့ရသေးတယ်။ မနက်ခင်းရောက်တာနဲ့ အရွယ်နဲ့မမျှတဲ့ အလုပ်တွေ၊ မနိုင်ဝန်တွေကို ထမ်းရင်း တဖြည်းဖြည်း နေတတ် ထိုင်တတ်လာခဲ့တာပါပဲ။ မလုပ် တတ်မကိုင်တတ် အမှားမှားအယွင်းယွင်း ကာလတွေတုန်းကတော့ ထိပ်ပေါက် ခေါင်းပြဲ အနှိပ်စက်ခံရတာတော့ ရှိတယ်။ ဘယ်တတ်နိုင်မလဲ။ ကိုယ်က ငွေလိုချင်တယ်။ ဗိုက်ဝဝ စားချင်တယ်။ ဒီတော့ နာကျင်ပေမယ့် ကြိတ်မှိတ်ပေါ့။ ကိုယ့်ဘဝက ကယ်သူမရှိ။ ကူသူမဲ့ အခြေအနေကိုး။ အိမ်ရှင်ဘဘကြီးကို နင်းနှိပ်ပေးရတဲ့ ညပိုင်းတွေဆိုရင် ထွက်ပြေးချင်ပေမယ့် ပြေးစရာ မြေမရှိ ငွေမရှိ။ ဒီတော့လည်း တဖြည်းဖြည်း အရှောင်အတိမ်း ကျွမ်းကျင်လာတယ်။ စလုပ်စဉ်ကတော့ ခွက်ဆေး ပန်းကန်ဆေးလို့     ပြောပေမယ့် ဝေယျာဝစ္စ တအိမ်လုံးအလုပ် အကုန်လုပ်ရတယ်။ ကျမတို့လူမျိုးကလည်း မုန့်ဟင်းခါးတောင် ဟင်းရည် အဆစ်တောင်းစားတတ်သူတွေဆိုတော့ အိမ်ဖော်တယောက်၊ အိမ်အကူတယောက်အပေါ် အဆစ်တောင်းသလို မခိုင်းစရာ ဘာရှိပါ့မလဲ။ မလုပ်ချင်ဘူးလို့ ငြင်းလို့မှမရတာ။ ကဲ… ဒါတွေအတွက် ဘယ်ဥပဒေက ခွဲခြမ်းပြဋ္ဌာန်းပေးထားတာ ရှိလား။ ဘယ်တရားရုံးမှာ စွဲချက်တင်ရမလဲ။ ဘယ်ဥပဒေနဲ့ အကာကွယ်ပေးမှာလဲ။ အိမ်ဖော်ကို ငွေကျွန်လို သဘောထားကြသူတွေကြားမှာ ကျမတို့က သားကောင်တွေပါ”လို့ မခင်နှောင်းက သူ့ဘဝအကြောင်းကို အရှည်ကြီး ပြောပြခဲ့တယ်။ တကယ်တော့ အိမ်အကူတွေရဲ့ ဘဝအထွေထွေနဲ့ပတ်သက်လာရင် တိကျသေချာတဲ့ ဖွင့်ဆိုချက် အမျိုးအစား ခွဲခြားမှုတို့ မရှိခဲ့ဘူး။ အလုပ်သမားဥပဒေ တချို့မှာ အနည်းငယ်ပါရှိပေမယ့် အိမ်အကူများသမဂ္ဂ ဆိုတာ မရှိလေတော့ ကိုယ့်အချင်းချင်း စုပေါင်းကာကွယ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။ မရှူနိုင်မကယ်နိုင် အခြေအနေတွေ လက်လွန်တော့မှ ရာဇဝတ်မှုနဲ့ အရေးယူကြရတာပါ။ ကြိုတင်အကာအကွယ်ဆိုတာ ဘာမှန်းလည်း မသိ၊ ရှိလည်း မရှိဘူး။ အလုပ်သမားဥပဒေမှာ နည်းနည်း၊ အလုပ်ရှင် အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ဥပဒေမှာ နည်းနည်း၊ လူကုန်ကူးမှုဥပဒေမှာ နည်းနည်းစီလောက် ပါတယ်။ ဒါပေမယ့် လုံလောက်မှု မရှိတာကို တွေ့ရတယ်။ ဒါကြောင့် အိမ်အကူတွေအတွက် သီးသန့်ဖွင့်ဆိုချက်၊ သတ်မှတ်ချက်တွေကို ပြဋ္ဌာန်းပေးသင့်တယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက  ပြောဆို သုံးသပ်လာခဲ့ကြပါတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မန္တလေးက အိမ်အကူတယောက်ကို အိမ်ရှင်ဖြစ်သူက အက်ဆစ်နဲ့ပက်ပြီး ရှစ်နှစ်လောက် ပိတ်လှောင်ထားခဲ့တဲ့ ဖြစ်ရပ်တွေဟာ မြန်မာလူမှုအသိုင်းအဝိုင်းမှာ မကြာခဏ ကြားနေရတယ်။ အင်းဝအပ်ချုပ်ဆိုင်ဖြစ်ရပ်၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်မှူးကတော်ရဲ့ ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု၊ အိမ်အကူကို အဓမ္မပြုကျင့်မှု စတာတွေပေါ့။ ဒါက ပြည်တွင်းမှာ တွေ့ကြုံရတာတွေ။ ပြည်ပကို ထွက်ခွာပြီး အိမ်အကူလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ဘဝ မလုံခြုံမှုတွေကလည်း ရှိသေးတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့မှာ မြန်မာအိမ်အကူတွေရဲ့ ကြေကွဲစရာဒုတ္ခတွေ၊ အထပ်မြင့်တိုက်တွေပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတာတွေ၊ မတရားပြုကျင့်ခံရတာတွေလည်း ကြားနေရတယ်။ ဒါကြောင့် ပြည်တွင်း ပြည်ပ အိမ်အကူ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုအတွက် လက်ရှိအခြေအနေထက် ပိုပြည့်စုံတဲ့ အိမ်အကူဥပဒေတရပ် လိုအပ်လေမလား ဆိုတဲ့ ယူဆချက်နဲ့ ဒီတပတ် DVB Law Lab (ပိုင်းခြားစိတ်ဖြာဥပဒေရေးရာအစီစဉ်မှာ “အိမ်အကူ အလုပ်သမားများအတွက် ဥပဒေ အကာအကွယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆွေးနွေးဖို့ ဖိတ်ကြားထားသူတွေကတော့ ဦးမောင်မောင်ဝင်း (တရားလွှတ်တော်ရှေ့နေ)၊ ဒေါ်လှလှရီ (တ ရားလွှတ်တော်ရှေ့နေ၊Legal Clinic Myanmar) တို့ ဖြစ်တယ်။ ဦးစွာပထမ အစီအစဉ် တင်ဆက်သူ ဦးခင်သန်းရဲ့ အမေးကိုတော့ ဦးမောင်မောင်ဝင်းက “အိမ်အကူဥပဒေ သီးသန့်လိုအပ်တယ်လို့ ယူဆပါတယ်။ ၂၀၁၁ အိမ်အကူကွန်ဗင်းရှင်းက ပြဋ္ဌာန်းထားတဲ့ သီးသန့်စံနှုန်းတွေနဲ့တော့ ကိုက်ညီဖို့ လိုတယ်။ အလုပ်သမားဥပဒေမှာ အိမ်အကူပါ အကျုံးဝင်တယ်။ ဒါပေမယ့် အလုပ်သမား ဆိုတဲ့ ဖွင့်ဆိုချက်မှာ အိမ်အကူနဲ့ပတ်သက်ပြီး သီးခြားဖွင့်ဆိုပေးဖို့ လိုပါမယ်။ ခက်တာက ဥပဒေက အကာကွယ်မပေးတာတော့ မဟုတ်ဘူး။ အိမ်အကူနဲ့ ပတ်သက်တာတွေက ပြန့်ကျဲနေတာ။ အဲဒါတွေကို တစုတည်း စုစည်းပြီး ဥပဒေတခုလုပ်ဖို့ လိုတယ်”လို့ ဆွေးနွေးသွားပါတယ်။ ဒေါ်လှလှရီကလည်း “အိမ်အကူတွေရဲ့ မတရား အလုပ်ခံရမှုတွေ၊ အခွင့်အရေး ဆုံးရှုံးမှုတွေက အိမ်အတွင်းမှာ ဖြစ်ပျက်နေတာတွေ ဆိုတော့ အပြင်က ရုတ်တရက် သိဖို့ မလွယ်ဘူး။ ရပ်ကွက်ထဲမှာ တီးတိုးဖြစ်ပြီးမှ သိကြရတာ။ ရပ်ကွက်ရုံးတွေကလည်း အိမ်အကူ ခေါ်တာကို အိမ်နီးနားချင်း မဟုတ်ရင် မသိနိုင်ဘူး။ ဘယ်သူကမှလည်း ရပ်ကွက်ရုံးကို အကြောင်းမကြားဘူး။ အိမ်အကူခေါ်တဲ့ တရားဝင်လမ်းကြောင်းလည်း မရှိဘူး။ ပြည်ပအိမ်အကူတွေဆိုရင် ဆိုးဆိုးဝါးဝါး ခံနေရတာ သိနေလျက်နဲ့ အစိုးရကလည်း ဥပဒေပြုမပေးဘူး။ တိုင်တန်းစရာ ဌာနလည်း မရှိဘူး။ အိမ်ရှင်နဲ့ အိမ်အကူ သဘောတူညီမှု စာချုပ်သဘောကို အစိုးရက တရားဝင် ပြဋ္ဌာန်းပေးသင့်တယ်”လို့ ဆွေးနွေးသွားခဲ့ပါ တယ်။ နှစ်ယောက်စလုံးကတော့ အိမ်အကူဥပဒေတရပ်ကို တည်ဆဲဥပဒေတွေထဲမှာ ပါတာတွေကို စုစည်းပြီး ဥပဒေတရပ် လုပ်ပေးသင့်ကြောင်း တူညီစွာ ဆွေးနွေးသွားခဲ့ကြပါတယ်။ မှန်ပါတယ်။ အိမ်အကူတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဥပဒေ၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ၊ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေနဲ့ လူကုန်ကူးမှုကာကွယ်တာဆီးရေးဥပဒေ၊ ပြစ်မှုဥပဒေတွေမှာပါတဲ့ အိမ်အကူနဲ့ပတ်သက်ပြီး ပြန့်ကျဲနေတာတွေကို စုစည်းပြီး ဥပဒေတရပ် ပြုလုပ် ပြဋ္ဌာန်းသင့်ပါတယ်။ အဲဒီမှာ အိမ်ရှင်ရဲ့တာဝန်နဲ့ အခွင့်အရေး ပါရှိဖို့ လိုသလို အိမ်အကူရဲ့ တာဝန်နဲ့ အခွင့်အရေး နှစ်ဦးနှစ်ဖက် လိုက်ရမယ့် စည်းကမ်းချက်၊ အခကြေးငွေနှုန်းထား၊ အဓိက ငှားရမ်းခြင်း အလုပ်တာဝန်၊ ပြည်ပအိမ်အကူများအတွက်လည်း အစိုးရအဖွဲ့အစည်း တခုရဲ့ ကြီးကြပ်မှုနဲ့ ဥပဒေပြဋ္ဌာန်းပေနိုင်မယ် ဆိုရင်တော့ အိမ်အကူတွေ မတရား နှိပ်စက်ခံရမှုက လျော့ပါးသွားနိုင်မယ်လို့ ထင်မြင်မိကြောင်းပါ။ ။ ထွန်းဇော်ဌေး
3 years Ago
More News
Up