အိမ်တွင်းအကြမ်းဖက်မှု

June 10, 2019

အိမ်တွင်းအကြမ်းဖက်မှု ပညာပေး လှုံ့ဆော်သည့် အပြေးပြိုင်ပွဲ စပိန်ဝန်ကြီးချုပ် ပါဝင်ယှဉ်ပြိုင်

စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဇွန်လ ၉ ရက်နေ့က ကျင်းပတဲ့ အိမ်တွင်းအကြမ်းဖက်မှု ပညာပေးရေး လှုံ့ဆော်တဲ့ ၅ ကီလိုမီတာ အပြေးပြိုင်ပွဲမှာ ရာချီတဲ့ အပြေးသမားတွေနဲ့အတူ စပိန် ယာယီဝန်ကြီးချုပ် ပီဒရိုဆန်းချက်ဇ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ပညာပေး ပရဟိတ လှုပ်ရှားမှုရဲ့ ခြောက်ကြိမ်မြောက် အပြေးပြိုင်ပွဲမှာ ပူးပေါင်းပါဝင်ဖို့ ပွဲစီစဉ်သူတွေက ဝန်ကြီးချုပ် ဆန်းချက်ဇ်ကို ဖိတ်ခေါ်ခဲ့တာပါ။ အပြေးပြိုင်ပွဲမစခင် ခရမ်းရောင် မိုးပျံဘောလုံးတွေကို လွှတ်တင်ခဲ့ကြပါသေးတယ်။  ခရမ်းရောင် မိုးပျံဘောလုံးတွေဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေး အကျပ်အတည်းအတွက် ပြယုဂ်တခုပါ။ အိမ်တွင်းအကြမ်းဖက်မှုရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ အမျိုးသမီးတွေကို ထောက်ပံ့ရေး ရန်ပုံငွေအတွက် အပြေးပြိုင်ပွဲမှာ ပါဝင်သူတယောက်ဟာ ၁၀ ယူရို ထည့်ဝင်လှူဒါန်းရတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ၂၀၁၉ နှစ်စကတည်းက စပိန်နိုင်ငံအတွင်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေကြောင့် အမျိုးသမီး ၂၄ ယောက် သေဆုံးခဲ့တယ်လို့ စပိန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
4 years Ago

December 28, 2015

အိမ်တွင်းအကြမ်းဖက်မှု အရေးယူမည့် ဥပဒေသစ် တရုတ်လွှတ်တော် အတည်ပြု

အိမ်တွင်းအကြမ်းဖက်မှုကို အရေးယူမယ့် ဥပဒေအသစ်ကို တရုတ်လွှတ်တော်က အတည်ပြုပေးလိုက်ပါပြီ။ ဒီဥပဒေ အကာအကွယ်အောက်မှာ တရားဝင် လက်မထပ်ရသေးဘဲ အတူနေတဲ့ စုံတွဲတွေလည်း အကျုံးဝင်ပါတယ်။ တရုတ်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်လို့ အရင်က ဥပဒေ မရှိခဲ့ပါဘူး။ အခုဥပဒေအသစ်မှာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုကနေ ဖိနှိပ်ချုပ်ချယ်မှုတွေအထိ အိမ်တွင်း အကြမ်းဖက်မှု ပုံစံမျိုးစုံကို တားဆီးထားပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ လက်အောက်မှာ ဖွဲ့ထားတဲ့ အမျိုးသမီးသမဂ္ဂရဲ့ အဆိုအရ တရုတ်ပြည်မှာ အိမ်ထောင်ရှင် အမျိုးသမီးတွေထဲက ၄ ပုံ ၁ ပုံဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံနေရပြီး တိုင်တန်းထားတဲ့ အမှုပေါင်းကတော့ နှစ်စဉ် ၅၀၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ မနှစ်က အမှုတွေထဲမှာ ၉၀ ရာခိုင်နှုန်းကတော့ ခင်ပွန်းတွေက ဇနီးတွေကို အနိုင်ကျင့်တဲ့ ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဥပဒေအသစ်အရ လက်မထပ်ဘဲ အတူနေတဲ့ စုံတွဲတွေကိုလည်း အကာအကွယ် ပေးထားပေမယ့် လိင်တူစုံတွဲတွေ ကိစ္စကတော့ အကျုံးမ၀င်ဘူးလို့ ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဂိုလင်းမော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်နိုင်ငံမှာ လိင်တူစုံတွဲတွေကို တရားမ၀င် သတ်မှတ်ထားပြီး မြို့ကြီးတွေမှာ လိင်တူစုံတွဲတွေကို အတွေ့ရများလာပေမယ့် လိင်တူထိမ်းမြားခွင့်လိုမျိုး ဥပဒေတွေ ပေါ်ပေါက်လာဖို့ အခြေအနေကတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။
7 years Ago
Up