အိမ်စီးကားကို အကြိမ်ကြိမ်ဆောင့်တိုက်ပြီး ကားမောင်းသူခြေထောက်ကိုပါ ဖြတ်ကြိတ်ခဲ့သည့် ဘတ်စ်ကား

May 16, 2016

အိမ်စီးကားကို အကြိမ်ကြိမ်ဆောင့်တိုက်ပြီး ကားမောင်းသူခြေထောက်ကိုပါ ဖြတ်ကြိတ်ခဲ့သည့် ဘတ်စ်ကား (ရုပ်သံ)

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ရှန်ဒေါင်းခရိုင်၊ ကင်ကျိုးမြို့ လမ်းမကြီးပေါ်မှာ ဘတ်စ်ကားကြီးတစီးဟာ ရှေ့က အိမ်စီးကားကို အကြိမ်ကြိမ်ဆောင့်တိုက်ခဲ့ပြီး ကားပေါ်က လွတ်မြောက်အောင် ဆင်းပြေးတဲ့ ကားမောင်းသူရဲ့ ခြေထောက်ကိုပါ ဖြတ်ကြိတ်ခဲ့တာကို အနီးနား မျက်မြင်သက်သေတဦးက ရုပ်သံကင်မရာနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ မေလ ၁၂ ရက်နေ့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ယာဉ်မောင်း ၂ ဦး စကားအချေအတင် ဖြစ်ရာကနေ စခဲ့တာလို့ ဘတ်စ်ကားကုမ္ပဏီ မန်နေဂျာက ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အိမ်စီးကားအဖြူရောင်ဟာ ဘတ်စ်ကားကြီးရဲ့ ရှေ့ကနေ တုံ့နှေးနှေးနဲ့ သွားနေချိန်မှာ နောက်က ဘတ်စ်ကားက အကြိမ်ပေါင်းများစွာ ဆောင့်တိုက်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက်မှာ အိမ်စီးကားပေါ်ကနေ ဆင်းပြေးတဲ့ ယာဉ်မောင်းရဲ့ ခြေထောက်ကိုပါ ဖြတ်ကြိတ်သွားခဲ့တာပါ။ ယာဉ်မောင်း ၂ ဦးဟာ စကားအချေအတင်ဖြစ်ပြီးနောက်မှာ အိမ်စီးကားက  ဘတ်စ်ကားကြီးရဲ့ရှေ့ကနေ ပိတ်ပြီး ဖြည်းညင်းစွာ မောင်းနေခဲ့တာပါ။ သူတို့ဟာ လမ်းဆုံမီးပွိုင့် ၂ ခုကို ဖြတ်ခဲ့ပြီးချိန်မှာတော့ ဘတ်စ်ကားမောင်းသူဟာ ဒေါသမထိန်းနိုင်တော့ပဲ ခုလိုတိုက်ခဲ့တာလို့ စီစီတီဗွီ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဘတ်စ်ကားမောင်းသူကို ရဲတွေက ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
6 years Ago
Up