ချန်ပီယံလိဂ် ကွားတားဖိုင်နယ် ဒုတိယအကျော့အဖြစ် အင်္ဂလန်ပရီးမီးယားလိဂ်က မန်စီးတီးအသင်းဟာ ပြင်သစ်လိဂ်က ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ) ကို နောက်ကျဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
မန်စီးတီးကွင်းမှာ ကစားတဲ့ပွဲစဉ်မှာ ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျခဲ့ပါတယ်။ အဂွီရိုကလည်း ပထမပိုင်းမှာရတဲ့ ပင်နယ်တီကို ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။
မန်စီးတီးဂိုးသမား ဂျိုးဟတ်က အီဗရာမိုဗစ်ခ်ျရဲ့ ကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်သွားပါတယ်။
ဒုတိယပိုင်း ၇၆ မိနစ်မှာ မန်စီးတီးက ဒီဘရိုင်နေးက နောက်ကျဂိုးသွင်းယူပြီး မန်စီးတီးတို့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
ပထမအကျော့ ပီအက်စ်ဂျီကွင်းမှာတော့ ဒီ ၂ သင်းက ၂ ဂိုး စီသရေကျထားပါတယ်။ ဒီအတွက် ၂ ပွဲပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ မန်စီးတီးက ဆီးမီးဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဧပြီ ၁၄ ရက်မနက်ပိုင်းမှာတော့ အက်သလက်တီကို မက်ဒရစ်နဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ ဘင်ဖီကာတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
ဧပြီ ၁၅ ရက်မှာ ဆီမီးဖိုင်နယ်တက်ရောက်တဲ့အသင်းတွေ ကစားမယ့် ပွဲစဉ်ကို မဲနှိုက်ပြီး ဧပြီ ၂၆၊ ၂၇ တွေမှာ ကစားသွားမှာ ဖြစ်ပါတယ်။
5 years Ago