အိပ်ခ်ျအိုင်ဗွီပိုး ရှိနေသော်လည်း မိသားစုအတွက် ပြည့်တန်ဆာဘဝမှ ရုန်းမထွက်နိုင်သူ

September 21, 2017

အိပ်ခ်ျအိုင်ဗွီပိုး ရှိနေသော်လည်း မိသားစုအတွက် ပြည့်တန်ဆာဘဝမှ ရုန်းမထွက်နိုင်သူ

အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ဆိုတာနဲ့ ထိတ်လန့်စရာကောင်းတဲ့ ရောဂါပိုးလို့ သိထားကြပြီး လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တယ်ဆိုတာ အားလုံးက သိထားကြပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှ အမျိုးသမီးတဦးကတော့ ကြောက်စရာကောင်းတဲ့ ဒီဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားရပေမယ့် မိသားစုအတွက် ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုရဲ့ ပါးစပ်ပေါက် ၅ ခုအတွက် လှုပ်ရှားရုန်းကန်ဖို့ ဒီ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်ထဲမှာ လပေါင်းများစွာ ကျင်လည်ခဲ့ရတယ်လို့ အမည်မဖော်လိုသူ အမျိုးသမီးက ပြောပါတယ်။ အိပ်ခ်ျအိုင်ဗွီရောဂါပိုးဟာ လိင်ဆက်ဆံရာမှတဆင့် ကူးစက်နိုင်တယ်ဆိုတဲ့ အသိ သူ့မှာရှိပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် သူ့အနေနဲ့ အမျိုးသားဖောက်သည်တွေကို လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးပြုဖို့ အမြဲပြောခဲ့တယ်လို့ ဆိုပါတယ်။ ကန်ဖန်ဖက်ခရိုင်၊ ပရန်ကရာတိုင်ဒေသမှာ နေထိုင်တဲ့ သူ့မှာ အိမ်ထောင်ရှိပြီး ကလေး ၃ ယောက် ရှိနေတာပါ။ ခင်ပွန်းဖြစ်သူဟာ အေ့ဒ်စ်ရောဂါနဲ့ သေဆုံးခဲ့ပြီးနောက် သူ့ဆီမှာလည်း ဒီရောဂါ ကူးစက်ခံခဲ့ရတာကို သိခဲ့ရတာ ဖြစ်ပါတယ်။ မိခင်၊ ဖခင်အို ၂ ဦးနဲ့ ကလေး ၃ ယောက်ရဲ့ ဝမ်းစာအတွက် သူ့မှာ ခုလို လိင်ဖျော်ဖြေရေးလုပ်ငန်းထဲ ကျင်လည်ဖို့ကလွဲပြီး ထွက်ပေါက်မရှိခဲ့ပါဘူး။ သူဟာ ထိုင်းနိုင်ငံ ခရိုင်အနှံ့ လိင်ဖျော်ဖြေရေး လုပ်ငန်းခွင်တွေမှာ ကျင်လည်ခဲ့တဲ့ ကာလတလျှောက် အမျိုးသားဖောက်သည်တွေကို သူ့မှာ အိပ်ခ်ျအိုင်ဗွီရှိနေတယ်ဆိုတာကို တိုက်ရိုက်မပြောခဲ့ဘဲ စိတ်ချရတဲ့ လိင်ဆက်ဆံမှုဖြစ်စေဖို့ ကွန်ဒုံးနဲ့ အကာအကွယ်ပြုဖို့ အမြဲတိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် တချို့ကတော့ ကွန်ဒုံးအသုံးပြုဖို့ ငြင်းဆန်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ “ကျမဖောက်သည်တွေ ကွန်ဒုံးစွပ်ဖို့ ငြင်းရင် ကျမ သူတို့ကို မေးလေ့ရှိပါတယ်။ ရောဂါကူးဖို့ မကြောက်ဘူးလားပေါ့။ တချို့က ဘာရောဂါကူးမလဲမေးလို့ ကျမက အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်လို့ ပြောတဲ့အခါ သူတို့အနေနဲ့ မကြောက်ဘူးလို့ ပြောတဲ့သူတွေရှိတယ်။” သူ့ရဲ့ဖောက်သည် အမျိုးသားအများစုကတော့ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံဖို့ တွန့်ဆုတ်ကြတယ်လို့ ပြောပါတယ်။ “တချို့က ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံဖို့ ကျမကို ဘတ် ၅၀၀ ပိုပေးကြတယ်။ ကျမကတော့ ဘတ် ၁၀၀၀ ဖြစ်ဖြစ် ဘတ် ၁၀၀၀၀ ဖြစ်ဖြစ် မယူချင်ပါဘူးလို့ ပြောပါတယ်။ တကယ်လို့ ကွန်ဒုံးမသုံးဘူးဆိုရင်တော့ ကျမ မောင်းထုတ်လိုက်တော့တာပဲ။” သူ့မှာ အိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိနေတယ်ဆိုတာကိုတော့ ဖောက်သည်လျော့သွားမှာ စိုးတဲ့စိတ်နဲ့ ဖောက်သည်တွေကို ပြောမပြခဲ့ဘူးလို့ ဝန်ခံပါတယ်။ ခုလို ရောဂါရှိမှန်း သိသိကြီးနဲ့ ဒီအလုပ်ကို ဆက်လက်လုပ်ကိုင်နေတာဟာ သူတယောက်တည်းတော့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ သူ့လိုပဲ တခြား လိင်အလုပ်သမတွေအနေနဲ့ ဖောက်သည်တွေကို ကွန်ဒုံးအသုံးပြု လိင်ဆက်ဆံဖို့ သတိပေးသင့်တာတခုပါပဲလို့ သူက ဆိုပါတယ်။
4 years Ago
Up