အိန်ဂျလီနာဂျိုလီ

June 22, 2021

ကုလအထူးသံတမန် အိန်ဂျလီနာဂျိုလီ အာဖရိက ဒုက္ခသည်များထံ သွားရောက်

ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးသံတမန် အိန်ဂျလီနာဂျိုလီဟာ အာဖရိကန် အနောက်ပိုင်းရှိ ဘာကီနာဖှာဆိုနိုင်ငံ ဂူဒေဘူမြို့ကို ဇွန် ၂၀ ရက်က သွားရောက် လည်ပတ်ပါတယ်။

အကြမ်းဖက်မှုထူပြောတဲ့ ဒေသအတွင်း ကမ္ဘာ့ဒုက္ခသည်နေ့အထိမ်းအမှတ် သွားရောက် လည်ပတ်တာပါ။

မာလီနိုင်ငံက မလုံခြုံမှုကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထားရှိရာ စခန်းထဲက မာလီဒုက္ခသည်တွေဟာ ဘာကီနာဖှာဆိုနိုင်ငံမှာလည်း အလားတူ အခြေအနေကိုသာ တွေ့ကြုံ နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ 

ဇွန်လအစောပိုင်းက နိုက်ဂျာနိုင်ငံနဲ့ နယ်စပ်က ယာဂါခရိုင်ဆိုဟန်ရွာကို စစ်သွေးကြွတွေ တိုက်ခိုက်လို့ လူ ၁၃၂ ယောက် သေဆုံးပါတယ်။

ဂျိုလီက “တခြားနိုင်ငံတွေက ဒုက္ခသည်တွေအတွက် နယ်စပ်တွေကိုရော သူတို့ရဲ့စိတ်တွေကိုပါ ပိတ်ထားချိန်မှာ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ စိန်ခေါ်မှုတွေ ရှိလျက်နဲ့ ရှိတာလေး နည်းနည်းကို မျှဝေပေးပြီး နေရပ်ရွှေ့ပြောင်းရတဲ့ မောင်နှမတွေကို ကြိုဆိုပေးတဲ့ ဘာကီနာဖှာဆို ပြည်သူတွေနဲ့အတူ သွေးစည်းကြောင်းပြဖို့ ကျမ ဒီကို ရောက်နေတာပါ”လို့ ပြောပါတယ်။

အနောက်အာဖရိကမှာရှိတဲ့ ဆာဟဲဒေသ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတဲ့ ဦးရေဟာ ၂ နှစ်အတွင်း လေးဆတိုးလာပြီး လူ ၂ သန်းဟာ သူတို့နိုင်ငံတွေကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလဒုက္ခသည်အေဂျင်စီက ဒီနှစ်အစောပိုင်းမှာ ပြောထားပါတယ်။

အယ်လ်ကေဒါနဲ့ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွတွေဟာ ဆာဟာရ ဒေသအတွင်း လက်တံချဲ့လာပြီး ဘာကီနာဖှာဆို၊ မာလီနဲ့ နိုက်ဂျာနိုင်ငံတွေက တိုင်းရင်းသား ပဋိပက္ခတွေကို မီးထိုးပေးနေတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

7 months Ago
Up