အိန္ဒိယသမုဒ္ဒရာအတွင်း ရေနံစိမ်းစည်ပေါင်း ၂ သန်းလောက် တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောကြီးပေါ်မှာ မီးလောင်မှုဖြစ်ခဲ့ပြီး သင်္ဘောသား ၁ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ သီရိလင်္ကာရေတပ်ပြောခွင့်ရ ပုဂ္ဂိုလ်က စက်တင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ရေနံတင်သင်္ဘော New Diamond ဟာ သီရိလင်္ကာကမ်းလွန်အရှေ့ပိုင်းမှာ မီးလောင်ခဲ့ပေမယ့် ကုန်ထားရှိတဲ့ ဧရိယာကတော့ အပျက်အစီးမရှိဘူးလို့ ပြောခွင့်ရပုဂ္ဂိုလ် အင်ဒီကာ ဒီဆေလ်ဗာက ပြောဆိုပါတယ်။ မီးကို ထိန်းချုပ်နိုင်ပြီလို့ မီးလောင်ရာ အနီးဝန်းကျင်မှာရှိတဲ့ ရေတပ်အမှုထမ်းတွေက ပြောဆိုတယ်လို့ သူက ဆိုပါတယ်။ New Diamond ရေနံတင် သင်္ဘောကြီးပေါ်မှာ ဂရိနိုင်ငံသား သင်္ဘောအမှုထမ်း ၅ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား အမှုထမ်း ၁၈ ဦး လိုက်ပါလာတယ်လို့လည်း စက်တင်ဘာ ၃ ရက်မှာ သီရိလင်္ကာ ရေတပ်က သတင်းထုတ်ပြန်ပါတယ်။ မီးလောင်နေတဲ့ New Diamond သင်္ဘောကို ရုရှားရေငုပ်သင်္ဘော ဖျက်သင်္ဘော ၂ စီးနဲ့ အိန္ဒိယသင်္ဘော ၄ စီးတို့က ကူညီပေးနေပါတယ်။ New Diamond ဟာ ကူဝိတ် မီနာအယ်အာမက်ဒီ ဆိပ်ကမ်းကနေ ရေနံစိမ်းတွေ တင် ဆောင်ပြီး အိန္ဒိယနိုင်ငံ ပါရာဒစ်ဆိပ်ကမ်းဆီ ဦးတည်မောင်းနှင်လာတာပါ။ အဲဒီဆိပ်ကမ်းမှာ အိန္ဒိယနိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း IOC က တနေ့ကို ရေနံစိမ်းစည် ၃ သိန်း ကြိုချက်သန့်စင်တယ်လို့ ရိုက်တာသတင်းက ဆိုထားပါတယ်။