အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ ဒီဇင်ဘာ ၁၅ ရက်က ဆန္ဒပြကျောင်းသားတွေ ခိုလှုံနေတဲ့ တက္ကသိုလ်ဝင်းထဲကို ရဲတွေ ဝင်ရောက်စီးနင်းလို့ နှစ်ဖက်အကြား ထိပ်တိုက်တွေ့ဆုံ ခဲ့ကြပါတယ်။
နိုင်ငံသားဆိုင်ရာဥပေဒသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြ ကျောင်းသားတွေဟာ နှစ် ၁၀၀ သက်တမ်းရှိတဲ့ ဂျာမီယာမီလီယာအစ္စလာမ်မီယာ တက္ကသိုလ်ထဲမှာ ခိုလှုံနေချိန် ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေသုံးပြီး ကျောင်းထဲကို စီးနင်းဝင်ရောက်ခဲ့ပါတယ်။
အိမ်နီးချင်းနိုင်ငံ သုံးနိုင်ငံက မွတ်စလင် မဟုတ်တဲ့ တိုင်းရင်းသားတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုမယ့် ဥပဒေမူကြမ်းကို အိန္ဒိယ အောက်လွှတ်တော်က အတည်ပြုလိုက်လို့ နိုင်ငံတွင်း အခုလို ဆန္ဒပြနေကြတာပါ။
ဒီဇင်ဘာ ၁၅ ရက်က ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဆန္ဒပြသူ တော်တော်များများ အဖမ်းခံရပြီး ဒဏ်ရာရသူတွေကိုလည်း နီးစပ်ရာဆေးရုံတွေနဲ့ ဗလီတခုဆီ ပို့ဆောင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဆန္ဒပြကျောင်းသားတွေက ကျောက်ခဲတွေနဲ့ ပေါက်လို့ တက္ကသိုလ်ထဲကို ဝင်ရောက်စီးနင်းခဲ့တာလို့ ရဲတွေက ပြောပါတယ်။
လက်ရှိမှာတော့ အိန္ဒိယအာဏာပိုင်တွေဟာ ဒေလီမြို့အရှေ့တောင်ပိုင်းက စာသင်ကျောင်းအားလုံးကို ဒီဇင်ဘာ ၁၆ ရက်အထိ ပိတ်ထားဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။
အိန္ဒိယမှာ ဘယ်ဥပဒေမူကြမ်းမဆို ဥပဒေဖြစ်လာဖို့က အောက်လွှတ်တော်ရော အထက်လွှတ်တော်ကပါ အတည်ပြု ပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်၊ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေကနေ အိန္ဒိယနိုင်ငံဆီကို ၂၀၁၅ ခုနှစ်မတိုင်ခင်က ရောက်ရှိလာတဲ့ မွတ်စလင် မဟုတ်သူတွေကို အိန္ဒိယနိုင်ငံသား ဖြစ်ခွင့်ပေးဖို့ ဒီဥပဒေမူကြမ်းက အဆိုပြုထားပါတယ်။
1 year Ago