အိန္ဒိယရောက် မြန်မာနိုင်ငံသားများ

May 13, 2020

အိန္ဒိယရောက် မြန်မာနိုင်ငံသားများကို မေ ၁၇ ရက် နောက်ပိုင်းမှ ပြန်ခေါ်နိုင်မည်

အိန္ဒိယနိုင်ငံထဲမှာ အသွားအလာကန့်သတ်ထားတာကြောင့် မြန်မာနိုင်ငံသားတွေ ပြန်ခေါ်ဖို့အစီအစဉ်ကို မေ ၁၇ ရက် နောက်ပိုင်းမှ စီစဉ်တော့မယ်လို့ နယူးဒေလီမှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ အိန္ဒိယနိုင်ငံကိုရောက်နေပြီး ပြန်ဖို့ခက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်ဖို့ မြန်မာသံရုံးကို စာရင်းပေးခိုင်းခဲ့ပြီး အဲဒီစာရင်းကို မြန်မာနိုင်ငံကိုရော၊ အိန္ဒိယနိုင်ငံကိုပါ ပေးပို့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။  အိန္ဒိယအစိုးရဟာ တနိုင်ငံလုံး အသွားအလာကန့်သတ်တဲ့ အစီအစဉ်ကို မေ ၁၇ ရက်အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းတွေ၊ ရထားလိုင်းတွေနဲ့ အဝေးပြေး မော်တော်ယာဉ်လိုင်းတွေအားလုံးကို လုံးဝ ရပ်ဆိုင်းထားတဲ့အပြင် ဒေသတခုကနေ တခုကို သွားလာတာတားမြစ်ထားပါတယ်။ ပြန်လာဖို့ စာရင်းပေးထားတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ နယူးဒေလီကနေ ကီလိုမီတာ ထောင်ချီဝေးတဲ့ အိန္ဒိယနိုင်ငံ ဒေသအနှံ့အပြားကိုရောက်နေသူတွေ အများအပြားပါနေတာကို တွေ့ရတယ်လို့ သံရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ရပ်တန့်ထားချိန်မှာ ဆုံရပ် နယူးဒေလီကိုလာဖို့ ခက်ခဲမယ့် အပြင် စင်းလုံးငှားကားနဲ့ လာမယ်ဆိုရင်လည်း စရိတ်စကကြီးမားတာ၊ ဖြတ်သန်းသွားမယ့် ဒေသအသီးသီးရဲ့ ခွင့်ပြုချက်လိုတာ၊ ခရီးကြာရှည်တာကြောင့် ကျန်းမာရေးမကောင်းသူတွေအတွက် မသင့်တော်တာ၊ဆုံရပ်ဖြစ်တဲ့ နယူးဒေလီမှာ ကျန်းမာရေးစစ်ဆေးခံဖို့အတွက် ကြိုရောက်ရမှာဖြစ်ပြီး ဒီကာလမှာ တည်းခိုဖို့အဆင်မပြေတာ စတဲ့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို ပြန်လိုတဲ့ နိုင်ငံသားတွေအားလုံးလိုက်ပါနိုင်ရေး၊ အကောင်းဆုံး ဖြစ်စေရေးအတွက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ကို လာမယ့် မေ ၁၇ ရက်နောက်ပိုင်းမှာမှ စီစဉ်ဖို့ လျာထားတယ်လို့ သံရုံးက ကြေညာပါတယ်။ ထုတ်ပြန်ချက်တွေအရ ပထမဆုံး ခရီးစဉ်ကို မေ ၁၉ ရက်မှာ ရန်ကုန်-နယူးဒေလီ-ရန်ကုန် ပြေးဆွဲဖို့ စီစဉ်ထားပြီး ရန်ကုန်-ချန်နိုင်း-ရန်ကုန်၊ ရန်ကုန်-ဂါယာ-ရန်ကုန် ခရီးစဉ်တွေကိုလည်း‌ မေလထဲမှာ ဆက်လက်ပြေးဆွဲမယ်လို့ ဆိုပါတယ်။
11 months Ago
Up