အိန္ဒိယမျိုးကွဲကိုဗစ်-၁၉

May 11, 2021

ထိုင်းတွင် အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ တွေ့ရှိသဖြင့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ ၃ နိုင်ငံကို ဗီဇာပိတ်

ထိုင်းနိုင်ငံမှာ အိန္ဒိယမျိုးကွဲ ကိုဗစ်-၁၉ ကူးစက်မှုအသစ် တွေ့ရှိပြီးနောက် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါ ၃ နိုင်ငံကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက် တယ်လို့ နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ နိုင်ငံ ၃ နိုင်ငံက ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ခရီးသွားဝင်ရောက်ခွင့်ကို မေ ၁၀ ရက်နေ့က စတင်ပိတ်ပင်လိုက်တာဖြစ်ပြီး ခုလိုပိတ်ပင်မှုဟာ အသက် ၄၂ နှစ်အရွယ် ကိုယ်ဝန်ဆောင် ထိုင်းအမျိုးသမီးတယောက်မှာ အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ ကူးစက်မှုအသစ် တွေ့ရှိပြီးနောက်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးဟာ ပါကစ္စတန်နိုင်ငံကနေ ပြန်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်က ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ကာ ကွာရန်တင်းဝင်နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသမီးနဲ့ သူ့ရဲ့ အငယ်ဆုံးသားဖြစ်သူတို့ဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး အိန္ဒိယမျိုးကွဲကိုဗစ်-၁၉ ကူးစက်ခံရသူတွေ ဖြစ်လာခဲ့တယ်လို့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံထိန်းချုပ်ရေးစင်တာက ပြောပါတယ်။

ပါကစ္စတန်သံရုံးကတော့ ထိုင်းခရီးသွားဗီဇာကလွဲလို့ ထိုင်းဗီဇာကိုင်ဆောင်ထားတဲ့ သူတွေအနေနဲ့ လာမယ့် မေ ၁၅ ရက်မတိုင်ခင်အထိ ခရီးသွားလာမှုတွေ ပြုလုပ်နိုင်တယ် လို့ ပြောပါတယ်။

      ထိုင်းနိုင်ငံသားတွေနဲ့ သံတမန်ပတ်စ်ပို့ ကိုင်ဆောင်သူတွေကတော့ ဒီပိတ်ပင်မှုမှာ မပါဝင်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံတဝန်းလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈ သောင်းခွဲကျော်နဲ့ သေဆုံးသူ ၄၂၁ ယောက် ရှိနေပါတယ်။

7 months Ago
Up