ပိုင်နက်အငြင်းပွား ဟိမဝန္တာဒေသမှာ အိန္ဒိယစစ်သည် အယောက် ၂၀ သေဆုံးခဲ့ရပြီး အယောက် ၇၀ ကျော် ဒဏ်ရာရခဲ့တဲ့ ပဋိပက္ခအတွင်း တရုတ်စစ်တပ်ဟာ အိန္ဒိယပိုင်နက်ကို ဖြတ်ကျော် ဝင်မလာခဲ့ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ဇွန် ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
“ကျနော်တို့ နယ်စပ်ကို ဘယ်သူမှ ကျူးကျော် ဝင်မလာခဲ့သလို အခုလည်း ဘယ်သူမှ မရှိနေဘူး။ ကျနော်တို့ စစ်စခန်းတွေလည်း အသိမ်းမခံရဘူး” လို့ မိုဒီက ပြောပါတယ်။
ဒီသီတင်းပတ် အစောပိုင်းမှာ နျူကလီးယား လက်နက်ရှင် ပြိုင်ဘက် အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံက စစ်သည်တွေဟာ ပိုင်နက်အငြင်းပွား လာဒက်ပြည်နယ် ဂယ်ဝမ်တောင်ကြားမှာ လက်နက်မဲ့ချင်း ရန်ဖြစ်ခဲ့ကြတာပါ။
နှစ်ငါးဆယ်ကျော်အတွင်း လူသေအများဆုံး ပဋိပက္ခ ဖြစ်အပြီး ၂ နိုင်ငံလုံးက တင်းမာမှု ဖြေလျှော့ရေး ကြိုးစားနေကြပါတယ်။
ထိပ်တိုက်တွေ့မှု အရှိန်လျှော့ရေး ကြိုးစားဖို့ စစ်ဘက်ဆွေးနွေးပွဲတွေမှာလည်း ညှိနှိုင်း ခဲ့ကြပါတယ်။
ပဋိပက္ခအတွင်း တရုတ်ဘက်မှာလည်း အသေအပျောက်ရှိတယ်လို့ အိန္ဒိယအစိုးရက ပြောပေမယ့် တရုတ်အစိုးရကတော့ ဘယ်လို သတင်းအချက်အလက်ကိုမှ မထုတ်ပြန်ပါဘူး။
8 months Ago