အိန္ဒိယနိုင်ငံ

August 7, 2022

အိန္ဒိယနိုင်ငံရှိ မြို့အချို့ ရေကြီး

အိန္ဒိယနိုင်ငံ မြို့တော်တော်များများမှာ ရေကြီးနေပြီး လမ်းမကြီးတွေပေါ် ကားအသွားအလာတွေ ပိတ်ဆို့နေပါတယ်။ 

နိုင်ငံအရှေ့မြောက်ပိုင်း ဂူဝါဟတ်တီမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းနေဆဲဖြစ်သလို  အရှေ့ပိုင်း က ဘူဘန်နီဝါးမြို့တွေမှာ လမ်းသွားလမ်းလာတွေဟာ ဒူးလောက်နစ်ကို ဖြတ်ပြီး သွားလာနေကြ ရပါတယ်။ 

နိုင်ငံတောင်ပိုင်းက တီရူချီရာပါရီခရိုင်ထဲမှာ ကာဗာရီမြစ်ပေါ်က ရေကာတာ ရေလျှံလာလို့ ဖွင့်ပေးလိုက်ရပါတယ်။  

အိန္ဒိယ လူဦးရေ သန်း ၁၃၀၀ ဟာ မိုးရွာမှ စိုက်ပျိုးရေးလုပ်နိုင်တဲ့ ဘဝမျိုးနဲ့ အသက်မွေးကြတာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ မိုးများတဲ့ နှစ်တွေမှာ ရေပေးရေေ၀ စနစ်တွေ ညံ့ဖျင်းတဲ့ ဒေသတွေမှာ အခုလိုပဲ ရေဘေးနဲ့ ကြုံရလေ့ရှိပါတယ်။ 

4 months Ago

July 1, 2022

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်တွင် စစ်ဘေးရှောင် မြန်မာနိုင်ငံသား ၈ဝ ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဇွန် ၂၈ ရက် မနက်က မြန်မာနိုင်ငံသားတွေ ခိုလှုံနေထိုင်တဲ့ ကျေးရွာတွေမှာ အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးကာ အသက်မပြည့်‌သေးတဲ့ ကလေးငယ် အယောက် ၂၀ အပါအဝင် မြန်မာနိုင်ငံသား စစ်ဘေးရှောင်ဒုက္ခသည် အယောက် ၈၀ ကို ဖမ်းဆီး‌ခေါ်ဆောင်သွားတယ်လို့ ကူကီးကျောင်းသားများ အဖွဲ့အစည်းကနေ သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံ စစ်ဘေးရှောင်တွေကို နိုင်ငံခြားသားအက်ဥပဒေနဲ့ တရားစွဲ အရေးယူထားတယ်လို့ သိရပြီး မြန်မာနိုင်ငံမှ စစ်ဘေးရှောင်တွေ တရားစွဲဆိုခံထားရတဲ့အပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိတယ်လို့ ကူကီးကျောင်းသားများအဖွဲ့က ပြောပါတယ်။

ကူကီး‌ကျောင်းသား လူငယ်တဦးက “အဲ့ဒီ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အများအားဖြင့် စစ်ကိုင်းတိုင်းတွင်းက စစ်ဘေးရှောင်တွေဖြစ်ပြီး တမူးမြို့နယ်နဲ့ ကလေးမြို့နယ်က စစ်ရှောင်တွေ အများစုပါဝင်ကာ မုံရွာနယ်က စစ်ဘေးရှောင်တချို့လည်း ပါဝင်တယ်။ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံသားတွေ အခုလို ဒုက္ခရောက်နေချိန်မှာ ကူညီထား‌သင့်ကြောင်း၊ အိန္ဒိယ နိုင်ငံခြားသားအက်ဥပဒေဟာ အနည်းဆုံး ထောင်ဒဏ် ၁ နှစ်ကနေ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေကနေ အမြန်ဆုံး ဆောင်ရွက်ကူညီပေးကြဖို့” ပြောကြားလိုက်ပါတယ်။

ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးဖျက်ဆီးကာ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာကြောင့် ဘေးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဖမ်းဆီးခံ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေ အနေနဲ့လည်း မိမိတို့မှာ တရားဝင်နေထိုင်ခွင့် စာရွက်စာတမ်း အထောက်အထားမရှိကြောင်း ဝန်ခံပြီးပြီလို့ ဆိုပါတယ်။

အခုလို မြန်မာ့နိုင်ငံရေးအခြေအနေ အခက်အခဲဆုံး အခြေအနေကာလမှာ အိမ်နီးနားချင်းနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူရ်အစိုးရအနေနဲ့ မြန်မာပြည်သူလူထုတွေ အဘက်ဘက်မှ ပိတ်မိနေတဲ့ အခြေအနေ အချိန်ကာလမှာ အခုလို နိုင်ငံခြားသားအမှုနဲ့ အမှုအကြီးကြီးတပ်ပြီး ဖမ်းဆီးနေတာဟာ လူသားချင်း စာနာထောက်ထားမှုကို အလေးမထားတဲ့အပြင် အိမ်နီးနားချင်းနိုင်ငံ မပီသတာလို့လည်း မိမိတို့မှ ရှုမြင်သုံးသပ်တယ်လို့ ကူကီးကျောင်းသားများအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ ဖမ်းဆီးခံ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု အခြေအနေပေါ် အခြေခံတဲ့အနေနဲ့ရော၊ အိမ်နီးနားချင်းနိုင်ငံအနေနဲ့ အပြန်အလှန် ကူညီဖေးမမှု အခြေအနေပေါ် အခြေခံတဲ့အနေနဲ့ရော မြန်မာနိုင်ငံသား ဒုက္ခသည်တွေအပေါ် အကောင်းဆုံး နည်းလမ်းတခု ဖန်တီးနိုင်ဖို့ မျှော်လင့်တယ်လို့ ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဇွန် ၂၉ ရက်မှာ သဘောထားထုတ်ပြန်‌ တောင်းဆိုလိုက်ပါတယ်။

5 months Ago
More News
Up