အိုင်တီကုမ္ပဏီတွေနဲ့ တက်သစ်စလုပ်ငန်းတွေ အခြေစိုက်တဲ့ အိန္ဒိယတောင်ပိုင်း ဟိုက်ဒရာဘတ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးတာကြောင့် လူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အစိုးရအရာရှိတွေက အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
တောင်ပိုင်း တယ်လန်ဂန်နာပြည်နယ်ရဲ့ မြို့တော် ဟိုက်ဒရာဘတ်မှာ အုတ်တံတိုင်းပြိုကျလို့ လူ ၉ ယောက် သေဆုံးပြီး ကျန် ၃ ယောက်ကတော့ သီးခြားဖြစ်စဉ်တွေမှာ သေဆုံးတယ်လို့ အရာရှိတွေက ဆိုပါတယ်။
ဒါ့အပြင် အနီးဝန်းကျင် အန်ဒရာပရာဒေ့ရှ်ပြည်နယ်မှာလည်း မိုးကြီးနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဟိုက်ဒရာဘတ်ရဲ့ နေရာအတော်များများမှာ မိုးရေချိန် ၁၀ လက်မကျော် ရွာခဲ့တယ်လို့ အစိုးရအရာရှိက ပြောပါတယ်။
အဓိက လမ်းမကြီးတွေမှာ ရေလွှမ်းနေပြီး ယာဉ်အသွားအလာတွေ အတော်ကသောင်းကနင်း ဖြစ်နေပါတယ်။
ဟိုက်ဒရာဘတ် အာဏာပိုင်တွေက အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်ကို အလုပ်ပိတ်ရက်အဖြစ် ကြေညာခဲ့သလို မြို့သူမြို့သားတွေကို အိမ်ပြင်မထွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
5 months Ago