အိန္ဒိယနဲ့ တရုတ်နယ်စပ် လာဒက်ဒေသမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေအကြား အချင်းများခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးတယ်လို့ အိန္ဒိယဘက်က ဇွန်လ ၁၆ ရက်မှာ ပြောပါတယ်။
ပဋိပက္ခအတွင်း သံတုတ်တွေ၊ ကျောက်ခဲတွေနဲ့ တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး နှစ်ဖက်စလုံးမှာ အသေအပျောက်ရှိခဲ့ကာ သေနတ်ပစ်ခတ်တာ မရှိဘူးလို့ အိန္ဒိယအစိုးရ သတင်းရင်းမြစ်က ပြောပါတယ်။
ဇွန်လ ၁၅ ရက်က ဖြစ်ခဲ့တဲ့ ပဋိပက္ခအတွက် အိန္ဒိယနဲ့ တရုတ် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။ ပဋိပက္ခဖြစ်ရာ နေရာကနေ နှစ်ဖက်စလုံး ဆုတ်ခွာခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီပဋိပက္ခမှာ နှစ်နိုင်ငံ သဘောတူညီချက်ကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါဟာ ဟိမဝန္တာအနောက်ခြမ်းဒေသမှာ သီတင်းပတ်ကြာ ပဋိပက္ခကနေ တင်းမာမှုကြီး ဖြစ်လာတာပါ။
အခု ပဋိပက္ခဟာ ၁၉၆၇ အိန္ဒိယ-တရုတ် နယ်စပ် ပဋိပက္ခ နောက်ပိုင်း ပထမဆုံး ဖြစ်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးနဲ့ ဒုတိယ အများဆုံး နှစ်နိုင်ငံအကြား ကျယ်ပြောလှတဲ့နယ်စပ်တလျှောက် နယ်စပ် အငြင်းပွားမှုကို မဖြေရှင်းနိုင်သေးဘူးလို့ ရိုက်တာသတင်းက ရေးပါတယ်။
9 months Ago