တရုတ်နဲ့ပိုင်နက်အငြင်းပွားနေတဲ့ အိန္ဒိယနယ်စပ်မှာ အိန္ဒိယစစ်သည်တွေ လွတ်လပ်ရေးနေ့ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်က ကျင်းပပါတယ်။
တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံအကြား ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးပဋိပက္ခဖြစ်ခဲ့တဲ့ ပိုင်နက်အငြင်းပွားရာ လာဒက်ခ်နယ်စပ်မှာ အိန္ဒိယစစ်သည်တွေက နိုင်ငံတော်အလံကို လွှင့်ထူပြီး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့တာပါ။
ပြီးခဲ့တဲ့ ဇွန်လက လာဒက်ခ်ဒေသ ဂယ်လ်ဝမ်တောင်ကြားမှာ သေနတ်မသုံးတဲ့ ရိုက်ပွဲအတွင်း အိန္ဒိယစစ်သည် အယောက်၂၀ သေဆုံးအပြီး တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်ကျဆင်း သွားခဲ့ပါတယ်။
အဲဒီနောက် နှစ်နိုင်ငံ အစိုးရတွေဟာ တည်ငြိမ်မှု ပြန်ရရေး တောင်ကြားက စစ်သည် အင်အား ကို လျှော့ချခဲ့တဲ့အပြင် ဆွေးနွေးပွဲတွေ အကြိမ်ရေအတော်များများ ကျင်းပခဲ့ကြပါတယ်။
တရုတ်ကို မရည်ညွှန်းပေမယ့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက နိုင်ငံရဲ့အချုပ်အခြာဟာ အထွဋ်အထိပ်ပဲလို့ ပြောခဲ့ပါတယ်။
ကျနော်တို့ရဲ့ စစ်သည်တွေဟာ တိုင်းပြည်ရဲ့အချုပ်အခြာအပေါ် ရန်လိုမှုကို သူတို့ရဲ့ ဘာသာစကားနဲ့ တုံ့ပြန်ခဲ့ကြတယ်လို့ မိုဒီက လွတ်လပ်ရေးနေ့မိန့်ခွန်းအတွင်း စနေနေ့က ပြောပါတယ်။
၁၉၆၂ တရုတ်-အိန္ဒိယစစ်ပွဲအပြီး နယ်စပ်ထိန်းချုပ်ရေးမျဉ်းကို ရေးဆွဲခဲ့ပေမယ့် အဓိပ္ပာယ် ဖွင့်ဆိုချက်က ညံ့ဖျင်းလို့ ဆယ်စုနှစ်ချီ အငြင်းပွားမှုတွေ ထူပြောခဲ့ပါတယ်။
6 months Ago