အိန္ဒိယ

September 22, 2021

အိန္ဒိယရှိ ဖို့ဒ်မော်တော်ကားကုမ္ပဏီ ပိတ်သိမ်းမည့်အစီအစဉ် ဖျက်သိမ်းရန် လုပ်သားများ ဆန္ဒပြ

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် စာနန်းမြို့က ဖို့ဒ်မော်တာ ကားကုမ္ပဏီရဲ့ စက်ရုံအပြင် ဘက်မှာ ရာချီတဲ့ လုပ်သားတွေ စက်တင်ဘာ ၂၁ ရက်က ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံပိတ်မယ့်အစီအစဉ်ကို ဖျက်သိမ်းဖို့ ဒါမှမဟုတ်ရင် လုပ်သားတွေကို အလုပ်အကိုင် ဖန်တီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နှစ်ကုန်ပိုင်းမှာ စက်ရုံပိတ်ဖို့ စီစဉ်ထားလို့ သူတို့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ဆုံးရှုံးလိမ့်မယ်လို့ ဝတ်စုံပြာဝတ် လုပ်သားတွေက ပြောပါတယ်။

တချိန်က အမြန်တိုးတက်နေတဲ့ ဈေးကွက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အကြီးစား ကားထုတ်လုပ်သူ လုပ်ငန်းရှင်တွေဟာ အရောင်းထိုင်းလာနေလို့ ဆိုင်တွေကို လတ်တလောမှာ ပိတ်နေရပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တည်းက အိန္ဒိယမှာ ပထမဆုံး စက်ရုံတည်ခဲ့တဲ့ ဖို့ဒ်ကားကုမ္ပဏီဟာ နိုင်ငံတွင်း ကားထုတ်လုပ်မှု ရပ်ဆိုင်းဖို့ စီစဉ်နေတယ်လို့ ဒီလအစောပိုင်းမှာ ပြောပါတယ်။

စက်ရုံမှာ ဝန်ထမ်း အယောက် ၁၂၀၀ လောက် ရှိတယ်လို့ ဖို့ဒ် အိန္ဒိယရဲ့ ပြောခွင့်ရက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီဖြစ်ရပ်ဟာ အလုပ်လက်မဲ့ အကျပ်အတည်းကို ပိုဆိုးစေနိုင်ပြီး အလုပ်အကိုင် ဖန်တီးပေးမယ် ဆိုတဲ့ ကတိနဲ့ အာဏာရလာတဲ့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရအတွက် အကြီးစား စိန်ခေါ်မှုလည်း ဖြစ်လာနေပါတယ်။

5 days Ago

September 15, 2021

အိန္ဒိယနိုင်ငံအနောက်ပိုင်းတွင် မိုးကြီးရေလျှံပြီး လူ ၃ ဦးထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ဂူဂျာရတ်ပြည်နယ်မှာ မိုးကြီးလို့ အကြီးအကျယ် ရေလွှမ်းမိုးနေတဲ့ အတွက် စက်တင်ဘာ ၁၃ ရက်အထိ စာရင်းအရ လူ ၃ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက သတင်းထုတ်ပါတယ်။

စက်တင်ဘာ ၁၂ ရက်ကစတဲ့ မိုးကြောင့် ပြည်နယ်အတွင်း လူနေရပ်ကွက်တွေနဲ့ လမ်းတွေ ရေအောက် ရောက်နေပါတယ်။

မြေနိမ့်ပိုင်းမှာ နေတဲ့ ဒေသခံ ထောင်ချီကို ရေလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ရေထဲမှာ သောင်တင်နေတဲ့ ပြည်သူတွေကို ဆက်ပြီး ကယ်ဆယ်နေရတာပါ။

အိန္ဒိယရဲ့ လူဦးရေ ၁ ဒသမ ၃ ဘီလီယံမှာ  သုံးပုံ ၂ ပုံဟာ ကျေးလက်ဒေသမှာ နေထိုင်ပြီး စိုက်ပျိုးရေးကို အားကိုးနေရပါတယ်။

ဒါကြောင့် မုတ်သုံ မိုးရေချိန်ဟာ သူတို့အတွက် အရေးပါပေမယ့် မိုးကြီးလို့ ရေကြီးတာ မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေလို ပြဿနာတွေကိုလည်း ကြုံရလေ့ ရှိပါတယ်။

လာမယ့်ရက်တွေမှာ ဆက်ပြီး မိုးကြီးနိုင်တယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ဟောကိန်းထုတ် ထားပါတယ်။

2 weeks Ago
More News
Up