အာကြမ်းလျှာကြမ်းစရိုက် ပြင်တော့မည်ဟု ဘုရားသခင်ကို ကတိပေးခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ပြော

November 1, 2016

အာကြမ်းလျှာကြမ်းစရိုက် ပြင်တော့မည်ဟု ဘုရားသခင်ကို ကတိပေးခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ပြော

ဖိလစ်ပိုင်သမ္မတ ဒူတာတေက သူ့ရဲ့ အာကြမ်းလျှာကြမ်းစရိုက်ကို ပြင်ဆင်တော့မယ့်အကြောင်း ဂျပန်ကအပြန်မှာ ဘုရားသခင်ကို ကတိပေးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဂျပန်ကနေ လေယာဉ်နဲ့အပြန်မှာ ကောင်းကင်ကိုကြည့်ရင်း လိုက်ပါလာတဲ့အချိန်၊ လေယာဉ်ပေါ်မှာ ပါတဲ့လူတွေအားလုံး အိပ်ပျော်နေတဲ့အချိန်မှာ အသံတသံကို ကြားရတဲ့အကြောင်း၊ ဘယ်သူလဲလို့ မေးတဲ့အခါမှာ ဘုရားသခင် ဖြစ်နေတာကို သိရတဲ့အကြောင်း၊ ဘုရားသခင်က သူ့ကို အကျင့်စရိုက်တွေကို ပြင်ရင် ပြင်၊ မပြင်ရင် လေယာဉ်တစီးလုံး ပျက်ကျသွားမယ်လို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူကလည်း ဘုရားသခင် ဆုံးမတဲ့အတိုင်း သူ့ဝသီကို ပြင်ပါ့မယ်လို့ ကတိပေးခဲ့ကြောင်း ဆိုပါတယ်။ အပြောအဆိုကြမ်းတမ်းတဲ့ မြို့တော်ဝန်ဟောင်းဟာ မေလက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး သမ္မတ ဖြစ်လာသူပါ။ သူဟာ သမ္မတ အိုဘားမား၊ ပုပ်ရဟန်းမင်းကြီး၊ ကုလသမဂ္ဂ အထွေထွေအတွင်းမှူးချုပ် ဘန်ကီမွန်းတို့ကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း ဆဲခဲ့သလို ဥရောပသမဂ္ဂကိုလည်း ဆဲခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံမှာ ရောက်နေစဉ် အောက်တိုဘာ ၂၅ ရက်နေ့မှာ ဒူတာတေက သူ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ဝေဖန်တဲ့နိုင်ငံတွေကို ဆဲဆိုခဲ့ပါသေးတယ်။ ဖိလစ်ပိုင်ဟာ ရိုမန်ကက်သလစ် ဘာသာဝင်တွေ အများစုရှိနေတဲ့နိုင်ငံ ဖြစ်ပါတယ်။
5 years Ago
Up